DVB Logo
Home
ကျန်းမာရေး
ကျန်းမာရေးကောင်းပြီး မြန်မာနိုင်ငံကို မြန်မြန်ပြန်ချင်တယ်၊ ဆေးရုံမှာ အကြာကြီးမနေချင်ဘူး - အိမ်အကူမိန်းကလေး
DVB
·
February 9, 2020
ကျန်းမာရေးကောင်းပြီး မြန်မာနိုင်ငံကို မြန်မြန်ပြန်ချင်တယ်၊ ဆေးရုံမှာ အကြာကြီးမနေချင်ဘူး - အိမ်အကူမိန်းကလေး
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လိမ္မော်ရောင်အဆင့် ကြေညာထားတဲ့ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာအမျိုးသမီး မိန်းကလေးငယ်တယောက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ နှာစေး၊ ချောင်းဆိုးဖြစ်ပြီး အိမ်အပြင်ဘက်မှာ လဲကျလို့ ရဲတွေနဲ့ သူနာပြုတယောက်က ဆေးရုံပို့ဆောင်ပေးခဲ့ရပါတယ်။

လက်ရှိမှာတော့ သူ ဘာဖြစ်တယ်ဆိုတာ တိတိကျကျ မသိရသေးဘဲ ဆေးရုံက စစ်ဆေးနေတုန်း ဖြစ်ပါတယ်။

လူနေမှုစရိတ်မြင့်တဲ့ စင်ကာပူမှာ ဆေးရုံတက်ရတဲ့စရိတ်ကို မပေးနိုင်ဘူးလို့ သူ့ရဲ့ အိမ်ရှင်က ပြောလာတာကြောင့် အခက်အခဲနဲ့လည်း ကြုံနေရပါတယ်။

လက်ရှိ သူ့ရဲ့အခြေအနေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ညီမအကြောင်းကို မိတ်ဆက်ပေးပါဦး။ 

ဖြေ။ ညီမ နာမည်က အေးမြင့်ခိုင်ပါ။ အသက်က ၂၈ နှစ်ပါ။ ဇာတိကတော့ ဟင်္သာတ ကပါ။

မေး။ အဲဒီမှာ ဘာအလုပ်လုပ်တာလဲ။

ဖြေ။ အိမ်အလုပ်လည်း ကူရပါတယ်။ Morning Market တွေမှာ ဈေးလိုက်ရောင်းရင်လည်း ကူရောင်းရပါတယ်။

မေး။ နေမကောင်းတာက ဘယ်လိုစဖြစ်တာလဲ။

ဖြေ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး (ဖေဖော်ဝါရီ ၅ ရက်)ညက ကျမရဲ့ သူဌေးသောက်နေတဲ့ အအေးကို ယူသောက်ပြီး ကိုယ်တွေ စ ပူလာတာပါ။ သူက လွန်ခဲ့တဲ့ တလလောက်ကမှ တရုတ်က ပြန်လာတာပါ။ ပြီးတော့ ချောင်းဆိုးတယ်။ ဒါကို အိမ်ရှင်ကို ပြောပြီး ဆေးခန်းပြမယ်ဆိုတော့ သူက ဆေးခန်းကိုချိန်းထားတယ်၊ ချိန်းထားတယ်နဲ့ အချိန်ကို ရွှေ့ရွှေ့နေတာ။ မပြဖြစ်ဘူး။ ဒါနဲ့ သောကြာနေ့ ညနေ ၄ နာရီလောက်မှာ ဈေးဝယ်ပြီး ပြန်လာတော့ လမ်းမလျှောက်နိုင်တော့ဘူး။ အသက်ရှူကြပ်လာတယ်။ ကားလမ်းပေါ်ဖြတ်နေတုန်းမှာပဲ မူးပြီး လဲကျသွားတယ်။ အနားမှာ ရှိတဲ့ ရဲတွေနဲ့ သူနာပြုတယောက်က လူနာတင်ကားခေါ်ပြီး ဆေးခန်းကို ပို့လိုက်တာပါ။

မေး။ ဆေးခန်းရောက်တော့ ဘာတွေစစ်လဲ။

ဖြေ။ သူတို့ X-Ray ရိုက်တယ်။ ပြီးတော့ ဘာတွေ့တယ်ဆိုလဲတော့ သေချာမသိတော့ဘူး။ ဆေးရုံကိုပို့လိုက်တယ်။ Tan Tock Seng ဆေးရုံပါ။ ဆေးခန်းကလည်း ဒီဆေးရုံကပါပဲ။ ဒီမှာကတော့ သွေးစစ်တယ်။ နှာခေါင်း၊ အာခေါင်တွေထဲက တံတွေးတွေကိုလည်း ယူစစ်တယ်။ အဖျားကတော့ အမြဲတိုင်းတယ်။

မေး။ အဖြေက ဘယ်လိုလဲ။

ဖြေ။ ကျမ သေချာမသိဘူး။ မနေ့ညက ကိုယ်ထပ်ပူလာလို့ အဲဒီလိုတွေ အားလုံး ပြန်စစ်ထားတယ်။

မေး။ နေရထိုင်ရတာရော ဘယ်လိုလဲ။

ဖြေ။ အစားအသောက်ပျက်တယ်။ ကိုယ်ပူတယ်။ ချောင်းဆိုးတယ်။ ချောင်းဆိုးရင် လည်ချောင်း တအားနာလို့ ဆိုးလို့မကောင်းဘူး။

မေး။ အိမ်ရှင်ကရော ဘာပြောလဲ။

ဖြေ။ ပြီးခဲ့တဲ့ ရက်တွေက လုံးဝ မဆက်သွယ်ဘူး။ ဒီမနက်မှ စာပို့လာတယ်။ သူတို့ကို မပြောဘဲ ဆေးရုံသွားတက်လို့ ဆေးဖိုး လုံးဝ မပေးနိုင်ဘူးတဲ့။ ကျမက ကိုယ့်ဖာသာသွားတယ်လို့ သူတို့ ထင်နေတာ။ တကယ်တော့ အိမ်ရှင်က မကောင်းဘူး။ ဒါကြောင့် တခြားအိမ်ကို ပြောင်းခဲ့သေးတယ်။ သူတို့က ကွန်ပလိန်းတက်လို့ ပြန်လာရတာ။ ဆေးရုံစရိတ်အကြောင်းကို ညီမကို ပို့ပေးတဲ့ အေးဂျင့်ကိုတော့ လှမ်းပြောထားတယ်။ ဘာမှတော့ ပြန်မပြောသေးဘူး။ Home ဆိုတဲ့ အဖွဲ့အစည်းတခုကို ပြောလိုက်တော့ သူတို့က မြန်မာသံရုံးကို အကြောင်းကြားပေးမယ်လို့ ပြောပါတယ်။ (DVB ကလေ့လာကြည့်ရာမှာတော့ ဆေးရုံဟာ စင်ကာပူအစိုးရရဲ့ အကြီးဆုံးဆေးရုံတွေထဲက တခုဖြစ်ပြီး ကုန်ကျစရိတ်နဲ့ပတ်သက်ပြီး ဘယ်လိုရှိတယ်ဆိုတာတော့ မသိရပါဘူး)

မေး။ နောက်ထပ်ရော ဘာပြောချင်သေးလဲ။

ဖြေ။ ကျမ ခုလို ဖြစ်နေတာ မြန်မာနိုင်ငံ အလုပ်သမားသံအရာရှိတွေ သိစေချင်တယ်။ ပြီးတော့ ကျန်းမာရေးကောင်းပြီး မြန်မာနိုင်ငံကို မြန်မြန်ပြန်ချင်တယ်။ ဆေးရုံမှာ အကြာကြီးမနေချင်ဘူး။

ဖြေခဲ့ပေးတာ ကျေးဇူးပါ။ အမြန်ဆုံးနေကောင်းပါစေ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013