DVB Logo
Home
ကျန်းမာရေး
ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လုံးဝမယုံသင့်တဲ့ ချင်း(ဂျင်း)များ
DVB
·
February 9, 2020
ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး လုံးဝမယုံသင့်တဲ့ ချင်း(ဂျင်း)များ
Donate to DVB

ကျန်းမာရေးမှမဟုတ်ပါဘူး။ ဘယ်လိုမျိုး ရေပန်းစားနေတဲ့ သတင်းမျိုးမဆို နောက်ကနေ သတင်းအမှားတွေ၊ ဂျင်းသတင်းတွေ ဖြန့်တဲ့သူတွေက အမြဲတမ်းရှိတတ်ပါတယ်။ ပုံမှန်ကိစ္စတွေမှာတော့ ပြဿနာမရှိပေမဲ့ ဒီလိုမျိုး ကမ္ဘာ့ကပ်ဆိုက် ရောဂါတွေနဲ့ပတ်သက်လာရင်တော့ တွေ့သမျှ ဂျင်းတိုင်းကို အယုံလွယ်ပြီး လျှောက်မလုပ်ဖို့ ထပ်ပြီးတိုက်တွန်းပါရစေ။
ဒီဆောင်းပါးမှာ အခုတလော လူမှုကွန်ယက်တွေမှာ ပျံ့နေတဲ့ ဝူဟန်ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ ဂျင်းသတင်း ၃ခုကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ဂျင်း (၁) = အိမ်မွေးတိရစ္ဆာန်တွေကို ဝူဟန်ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ပြီး သူတို့တွေကနေတစ်ဆင့် လူတွေကို ပြန်ကူးနိုင်တယ်။


ဒါကတော့ ကျွန်တော်တို့နိုင်ငံမှာ မဟုတ်ပေမဲ့ တရုတ်နိုင်ငံမှာ ဟိုတလောကမှ ဖြစ်သွားတဲ့ကိစ္စပါ။ ဝူဟန်ဗိုင်းရပ်စ်က တိရစ္ဆာန်တွေမှာ တွေ့ရတယ်ဆိုတဲ့ အချက်ကို အခြေခံပြီး အိမ်မွေးတိရစ္ဆာန်တွေမှာလည်း ဝူဟန်ပိုးကို တွေ့ရနိုင်တယ်၊ ဒီပိုးက သူတို့ကို ကူးစက်နိုင်ပြီး အဲ့ကနေ လူတွေကို ပြန်ကူးသွားနိုင်တယ်ဆိုတဲ့ သတင်းကြောင့် ကိုယ်မွေးထားတဲ့ ခွေးလေး၊ ကြောင်လေးတွေကို တိုက်ပေါ်ကနေ ပစ်ချတဲ့ သတင်းပါ။
ဒီသတင်းဟာ အမှန်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အိမ်မွေးတိရစ္ဆာန်တွေကိုတော့ ရောဂါပိုး မကူးစက်နိုင်ဘူးဆိုတာကို သိထားစေချင်ပါတယ်။ တိရစ္ဆာန်တွေရဲ့ ကိုယ်ခန္ဓာထဲမှာ ဝူဟန်ကိုရိုနာပိုး ရှိတာမှန်ပေမဲ့ ယခုဖြစ်နေတဲ့ အခြေအနေမျိုး (လူတွေကို ရောဂါဖြစ်စေနိုင်တဲ့ ပိုးမျိုးစိတ်မျိုး) လုံးဝမဟုတ်ပါဘူး။

ဂျင်း (၂) = အပူချိန်များလွန်းတဲ့ အခြေအနေမှာ ဝူဟန်ပိုးဟာ အသက်မရှင်နိုင်တဲ့အတွက် ကိုယ်အပူချိန်ကို မြင့်တက်စေတဲ့ အရည်တွေ သောက်ပေးရင် ပိုးကူးခံရမှာမဟုတ်ဘူး။


ဟာသအနေနဲ့ လုပ်ရာကနေ လူတော်တော်များများက အမှန်တကယ် ယုံကြည်တဲ့အထိ ဖြစ်သွားနိုင်တဲ့ ဂျင်းမျိုးပါပဲ။ ဝူဟန်ပိုးသည် အအေးကို ကြိုက်နှစ်သက်တယ်။ အေးမြခြောက်သွေ့နေတဲ့ လေထုထဲမှာ အသက်ရှင်ဖို့လွယ်သလို ကူးစက်ဖို့လည်း ပိုမြန်တယ်။ ဒါကတော့ အမှန်ပါ။ ပူလွန်းတဲ့နေရာမှာ ပိုးမရှင်သန်နိုင်ဘူးဆိုတာနဲ့ပတ်သက်ပြီး လက်ရှိမှာ ဘယ်သိပ္ပံပညာရှင်တွေကမှ မှန်ကန်တယ်လို့ အတည်ပြုထားခြင်းမရှိသေးပါဘူး။
လူပြောများနေတဲ့ အရည်တွေထဲမှာ အရက်၊ ဘီယာ၊ အယ်လ်ကိုဟောပါဝင်တဲ့ အရည်တွေ၊ စစ်ထရစ်အက်စစ် (Citric Acid) ရောထားပြီး အားပျော့သွားတဲ့ အစွန်းချွတ်ဆေးရည်တွေ ပါဝင်ပါတယ်။ ရောဂါပိုးဟာ အပူရှိန်အောက်မှာ မရှင်သန်နိုင်ဘူးဆိုတာ မှန်သွားခဲ့ရင်တောင် ဒီလိုအရည်တွေသောက်လို့ ရောဂါကာကွယ်နိုင်တယ်ဆိုတာကတော့ တကယ့်အကြီးစား ဂျင်းသက်သက်ပါပဲ။

ဂျင်း (၃) = ပဋိဇီဝဆေးဝါးတွေက ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်တယ်။ ပျောက်အောင် ကုသနိုင်တယ်။


နေမကောင်းဖြစ်ရင် ပဋိဇီဝဆေးတွေ၊ ပိုးသတ်ဆေးတွေ အမြဲသောက်နေတတ်တဲ့ သူတွေက အခု အသစ်ဖြစ်နေတဲ့ ဝူဟန်ဗိုင်းရပ်စ်ပိုးကိုလည်း ဒီဆေးတွေနဲ့ပဲ ကာကွယ်ပေးနိုင်မယ်ဆိုပြီး နေ့တိုင်း သောက်နေကြတယ်ဆိုတဲ့ သတင်းတွေကို ကြားနေရပါတယ်။
ဒီမှာပြောချင်တာက ပဋိဇီဝဆေးဆိုတာ ဘက်တီးရီးယားပိုးတွေကိုသာ အဓိက တိုက်ထုတ်ပေးနိုင်တာပါ။ ဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီးတော့ အာနိသင်မရှိပါဘူး။ ဒီတော့ ပဋိဇီဝဆေးတွေ အများကြီးသောက်လို့ ဝူဟန်ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ခြင်း၊ ကုသနိုင်ခြင်း မရှိတဲ့အပြင် ဆေးအပြင်းတွေ သောက်ရတာကြောင့် ကိုယ်ခံအားတွေကျဆင်းပြီး အခြေအနေ ပိုဆိုးသွားနိုင်တာကို သတိထားသင့်ပါတယ်။
ဒီဂျင်း ၃မျိုးကတော့ လက်ရှိ လူမှုကွန်ယက်မှာ ရေပန်းအစားဆုံးဖြစ်တဲ့ ဂျင်းသတင်းတွေဖြစ်ပြီး ပြည်သူလူထုအနေနဲ့လည်း ဒါကို အယုံမလွယ်ကြဖို့ ဒီဆောင်းပါးကနေ သတိပေးလိုက်ချင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံအတွင်းမှာလည်း ရောဂါပိုးကူးစက်ခံရသူများ ရောက်ရှိနေပြီဆိုတဲ့အတွက် အားလုံး သတိ၊ ဝီရိယရှိပြီး ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်ဖို့ အချိန်တန်နေပါပြီ။ ဒီအတွက် အဓိကလုပ်ပေးဖို့လိုတာကတော့
• လက်ကို အမြဲတမ်း ရေ၊ ဆပ်ပြာနဲ့ သေချာဆေးပါ။ မဟုတ်ရင်လည်း ရေမလို လက်သန့်စင်ဆေးရည်တွေ အသုံးပြုပါ။
• မသန့်ရှင်းတဲ့ လက်နဲ့ မျက်စိ၊ နှာခေါင်း၊ ပါးစပ်ကိုင်တာမျိုး လုံးဝမလုပ်ပါနဲ့။
• လူများတဲ့နေရာသွားမယ်ဆိုရင် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားပါ။
• ကိုယ်ခံအားကောင်းအောင် အိပ်ချိန်မှန်ပါစေ။
• အစာအာဟာရကို ဂရုစိုက်ပါ။
• ဗီတာမင် စီ၊ သံဓာတ် အားဆေးတွေ သောက်ပေးပါ။
• ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာများတွေ့ပါက ဆရာဝန်နဲ့ အမြန်ဆုံးပြပေးပါ။
Hello ဆရာဝန်ပရိတ်သတ်တွေလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
ရေးသားသူ 
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013