DVB Logo
Home
မြန်မာသတင်း
အလုပ်သမားများ အလုပ်ပြန်ဆင်းရန် ကြေးနီစီမံကိန်းကုမ္ပဏီ သတိပေး
DVB
·
February 7, 2020
အလုပ်သမားများ အလုပ်ပြန်ဆင်းရန် ကြေးနီစီမံကိန်းကုမ္ပဏီ သတိပေး
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်သံသယကြောင့် ကြေးနီစီမံကိန်း နှစ်ခုက ဒေသခံအလုပ်သမားတွေ ဖေဖော်ဝါရီ ၆ ရက်နေ့က အလုပ်မဆင်းဘဲ ရပ်နားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီက အလုပ်သမားတွေအလုပ်ဆင်းကြဖို့နဲ့ အလုပ်မဆင်းရင် သဘောတူစာချုပ်အတိုင်း ဆက်လုပ်မယ်လို့ သတိပေးစာထုတ်ပြန်လို့ ဒီမနက်ပိုင်းမှာ အလုပ်သမားတွေ လုပ်ငန်းခွင် ပြန်ဝင်နေပါ တယ်။

ဒါပေမယ့် တောင်းဆိုချက်တွေကို ကုမ္ပဏီဘက်က လိုက်လျောတာ မရှိသေးတဲ့အတွက် တချို့အလုပ်ဌာနတွေမှာတော့ အလုပ်သမားတွေ လုပ်ငန်းလုပ်ဆောင်တာမရှိဘဲ ရပ်နားနေပါတယ်။

စီနိုဟိုက်ဒရိုမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတဦးက  "ကျနော်တို့က အလုပ်မလုပ်ချင်လို့ လုပ်ငန်းပျက်အောင်လို့လုပ်တာ မဟုတ်တဲ့အကြောင်း မနေ့ကတည်းက ပြောပြီးသား။ ကျန်းမာရေးအရ အာမခံချက်ရှိဖို့ စီမံကိန်းမှာ ရှိနေတဲ့ တရုတ်တွေကို ဝေဘာဂီလို စောင့်ကြည့်တဲ့ ဆေးရုံတွေကို ပို့ပေးဖို့တောင်းဆိုတာ ဒါကို လက်ခံတဲ့အတွက် ထုတ်လုပ်ရေးပိုင်းဘက်က ရပ်နားနေတာဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ ဆိုဒ်မန်နေဂျာက အလုပ်ဆင်းကြဖို့၊ ဒါမျိုး လုပ်တာမကောင်းဘူးပေါ့။ ဒါမျိုးလုပ်တဲ့အတွက် မင်းတို့ ပိုက်ဆံမရဘူးပေါ့။ ဘာကြောင့်နား တာလဲ။ ဘာဖြစ်လို့လဲဆိုတာမျိုးတော့ မပြောဘူး။"လို့ ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက အလုပ်သမားတွေကတော့ မနေ့ကတည်းက အလုပ်ဆင်းကြပြီး  ပေပေါက်၊ စီနိုဟိုက်ဒရို၊ ယန်စီတို့က အလုပ်သမားတချို့ကတော့ အလုပ်မဆင်းကြပါဘူး။

ဝပ်ရှော့ဌာနကတော့ လုပ်ငန်းခွင်မှာ လုပ်ကိုင်နေကြပေမယ့် ထုတ်လုပ်ရေးပိုင်းကတော့ ရပ်နားနေကြတာပါ။ ယန်စီကုမ္ပဏီဘက်မှာလည်း ထုတ်လုပ်ရေးပိုင်းက ရပ်နားမှုတချို့ရှိခဲ့ပြီး ဒုတိယပိုင်းမှာတော့ လုပ်ငန်းပြန်လည် လည်ပတ်မယ်လို့ ယန်စီအလုပ်သမားတဦးက ပြောပါတယ်။

"မနက်အလုပ်ဝင်ကတည်းက ၁၀ နာရီလောက်ထိတော့ အလုပ်ထဲရောက်ပေမယ့် အလုပ်မလုပ်ကြဘူး။ ဒါပေမယ့် ဒုတိယပိုင်းတော့ ဆင်းမယ်ဆိုပြီးတော့လည်း ပြောနေကြတယ်။"လို့ ယန်စီကုမ္ပဏီက  မိုင်းနင်း ဒေသခံအလုပ်သမားတဦးကလည်း ပြောပါတယ်။

အခုလို အလုပ်မဆင်းဘဲနေကြတာက နိုင်ငံတော်အခွန်ဘဏ္ဍာအပြင်၊ အားလုံးအတွက် ဆုံးရှုံးမှုရှိတယ်လို့ ကြေးနီစီမံကိန်း မန်နေဂျာ ဒေါင်ရင်ဖီးက ပြောပါတယ်။

"မကြာခင် တချို့ ဝန်ထမ်းတွေရဲ့ စိုးရိမ်မှုတွေ ပြေလည်သွားမှာပါ။ လက်ရှိမှာတော့ တော်တော်များများ အလုပ်ဆင်းနေပြီ။ တချို့ တယောက်တလေ မဆင်းတာရှိသေးတယ်။ ဒါက အကြီးအကျယ်ပြဿနာမဟုတ်တော့ဘူး။ သူတို့အလုပ်မဆင်းရင် ထုတ်လုပ်မှုမှာ ထိခိုက်နိုင်တယ်လေ။ ကျဆင်းနိုင်တာပေါ့။ ထုတ်တာလည်း လျော့သွားမယ်ဆိုရင် အစိုးရကို ခွဲဝေမှုတွေ အခွန်အခတွေ အကုန်လုံး လျော့သွားမှာ။ ကုမ္ပဏီအနေနဲ့လည်း နစ်နာသွားမှာပေါ့။"လို့ ပြောပါတယ်။

ကြေးနီစီမံကိန်းမှဦ တရုတ်အလုပ်သမားတချို့ သေဆုံးတယ်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ တိုင်းကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ပါသေးတယ်။ လူမှုကွန်ရက်မှာပျံ့နှံ့သလို သေဆုံးတာလည်း မရှိသလို ကိုရိုနာဗိုင်းရပ်စ်လက္ခဏာ တဦးမှ မတွေ့ရဘူးလို့ တိုင်းကျန်းမာရေးဌာနက သိရပါတယ်။ 

အစိုးရအဖွဲ့အနေနဲ့လည်း ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် သတင်းမားဖြန့်ဝေနေသူ တွေကိုလည်း စုံစမ်းဖော်ထုတ်ပြီး အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

အလုပ်သမားတွေ အလုပ်မဆင်းကြတဲ့ ကိစ္စနဲ့ပတ်သက်လို့တော့ ကုမ္ပဏီရဲ့ အကျိုးစီးပွားကို အများကြီးထိခိုက်စေတဲ့အတွက် အလုပ်ဆင်းကြဖို့ ယန်စီကုမ္ပဏီက ဝန်ထမ်းအားလုံးကို သတိပေးစာ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013