DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်သဖြင့် ကြေးနီစီမံကိန်းလုပ်သားများ အလုပ်ရပ်နား
DVB
·
February 6, 2020
ကိုရိုနာဗိုင်းရပ်စ်စိုးရိမ်သဖြင့် ကြေးနီစီမံကိန်းလုပ်သားများ အလုပ်ရပ်နား
1 / 4
Donate to DVB

တရုတ်အလုပ်သမားတချို့သေဆုံးတယ်ဆိုတဲ့ သတင်းတွေဟာ မဟုတ်မှန်ကြောင်း ဝမ်ပေါင်ကုမ္ပဏီနဲ့ အစိုးရကပြောပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှာကို စိုးရိမ်တဲ့အတွက် စစ်ကိုင်းတိုင်းအတွင်း ကြေးနီစီမံကိန်းက  အလုပ်သမားထောင်ချီ အလုပ်ရပ်နားနေကြပါတယ်။

ဖေဖော်ဝါရီ ၅ ရက်က လူမှုကွန်ရက်စာမျက်နှာမှာ ယန်စီကုမ္ပဏီက တရုတ်နိုင်ငံသားတချို့ သေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် ဒီနေ့မနက်အစောပိုင်းက စံပယ်တောင်၊ ကြေးစင်တောင်ကြေးနီစီမံကိန်းက မြန်မာ-ယန်စီအလုပ်သမား ၄၀၀ ဝန်းကျင်နဲ့ လက်ပံတောင်း တောင်ကြေးနီစီမံကိန်းက စီနိုဟိုက်ဒရိုအလုပ်သမား ၇၀၀ ဝန်းကျင်က အလုပ်မဆင်းကြတာလို့ ဒေသခံအလုပ်သမား ကိုသန်းစိုးဝင်းက ပြောပါတယ်။

"ယန်စီဘက်မှာလည်းကျနော်တို့သိသလောက်က မဆင်းဘူးပြောတယ်။ ယန်စီမှာလည်း ဒီနယ်ဒေသခံ အလုပ်သမားတွေပဲ။ စီနိုမှာလည်း ဒီဒေသခံအလုပ်သမားတွေပဲ။ ရောဂါပိုးက လုပ်ငန်းခွင်ထဲကနေကူးစက်ပြီးလာလို့ရှိရင် ဒေသခံတွေဆီပျံ့နှံ့သွားမှာ။ ကျန်းမာရေးစောင့်ရှောက်မှု အရ ကျနော်တို့နိုင်ငံက အစစ အားနည်းတဲ့အနေအထားမှာရှိတဲ့အတွက် ရှင်ဖို့လမ်းနဲ့ သေဖို့လမ်းဆို သေဖို့လမ်းကများတယ်။ ကိုယ့်ကိုယ်ကိုယ် ရောဂါမကူးစက်အောင် ကူးစက်မခံရအောင်ဆိုတဲ့ အနေအထားမျိုးနဲ့ ရပ်နားတာပါ။ လုပ်ငန်းပျက်အောင်၊ အလုပ်မလုပ်ချင်လို့ဆိုတဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ တာဝန်ရှိသူတွေက အာမခံချက်ပေးရင် ပြန်ဆင်းမှာပါ။”

တရုတ်အလုပ်သမားတချို့ သေဆုံးတယ်ဆိုပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ တိုင်းကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတွေ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ပါသေးတယ်။ 

လူမှုကွန်ရက်မှာပျံ့နှံ့သလို သေဆုံးတာလည်း မရှိသလို ကိုရိုနာဗိုင်းရပ်စ် လက္ခဏာ တဦးမှမတွေ့ရဘူးလို့ တိုင်းကျန်းမာရေးဌာနက သိရပါတယ်။ 

အစိုးရအဖွဲ့အနေနဲ့လည်း ပြည်သူတွေ အထိတ်တလန့်ဖြစ်အောင် သတင်းမှားဖြန့်ဝေနေသူ တွေကို စုံစမ်းဖော်ထုတ်အရေးယူသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ယန်စီကုမ္ပဏီက အလုပ်သမားတဦးက "၁၀ နာရီခွဲလောက်မှာတော့ သမဂ္ဂက တာဝန်ရှိသူ တွေလည်း ဆွေးနွေးပြီးပြန်ထွက်လာတယ်။ ကျန်းမာရေးလည်း နေ့စဉ်စစ်ဆေးနေတယ်ပေါ့။ သေတယ်ဆိုတာလည်း မဟုတ်ဘူးပေါ့။ လောလောဆယ်တော့ လုပ်ငန်းခွင်ထဲပြန်ဝင်ဖို့ ညှိနှိုင်းပြီးပြီ။ သူတို့ဘက်က အာမခံချက်ပေးတော့ ရဲရဲလုပ်ရဲတာပေါ့။ ဒီကိစ္စနဲ့ပတ်သက်လို့လည်း သတင်းမှန် ပြန်ကြားရေးကော်မတီတွေလည်း ဖွဲ့တယ်" လို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၅ ရက် နေ့စွဲနဲ့ ဝမ်ပေါင်ကုမ္ပဏီက ထုတ်ပြန်ချက်မှာတော့ တရုတ်နိုင်ငံက ပြန်လည်ရောက်ရှိလာသူတွေကို သီးသန့်ထားပြီး စောင့်ကြပ်ကြည့်ရှုနေသလို ရောဂါလက္ခဏာ မတွေ့ရမှသာ လုပ်ငန်းခွင်ကို ပြန်လည်ဝင်ရောက်စေတယ်လို့ ရေးသားထားပါတယ်။

ဒါ့အပြင် လတ်တလောပျံ့နှံ့နေတဲ့ သတင်းက သတင်းမှားသာဖြစ်တယ်။ လက်ရှိကြေးနီစီမံကိန်းမှာ ကိုရိုနာဗိုင်းရပ်စ်အဆုတ်ရောင်ရောဂါ ဖြစ်ပွားသူ လုံးဝမရှိတဲ့အပြင် ဝန်ထမ်းများအနေနဲ့ မစိုးရိမ်ကြဖို့၊ သတင်းမှားတွေ မယုံကြဖို့၊ မဖြန့်ဝေကြဖို့ဆိုပြီး ကြေညာထုတ်ပြန်ထားပါတယ်။ 

ဒီနေ့ပြုလုပ်တဲ့ အစည်းအဝေးမှာလည်း လတ်တလောဖြစ်ပျက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနဲ့ပတ်သက်လို့ ဝန်ထမ်းတွေရဲ့ စိုးရိမ်ကြောင့်ကြနေမှုတွေကို သတင်းမှန်ရရှိစေရေး အတွက် မြန်မာယန်စီ၊ မြန်မာဝမ်ပေါင်၊ စီနိုဟိုက်ဒရို၊ ပေပေါက် စတဲ့အဖွဲ့က တာဝန်ရှိသူတွေ ပါဝင်တဲ့ သတင်းမှန်ပြန်ကြားရေးနှင့် လုပ်ငန်းခွင်ကျန်းမာရေး ကြီးကြပ်မှုကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013