DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၌ ၂၀၁၉ ခုနှစ်အတွင်း အကြိမ် ၂၀၀ ကျော် ငလျင်လှုပ်
DVB
·
February 6, 2020
မြန်မာနိုင်ငံ၌ ၂၀၁၉ ခုနှစ်အတွင်း အကြိမ် ၂၀၀ ကျော် ငလျင်လှုပ်
1 / 2
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ ၂၀၁၉ ခုနှစ်အတွင်း ငလျင်အကြိမ်ပေါင်း ၂၀၄ ကြိမ် လှုပ်ခတ်ခဲ့ပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းအနေနဲ့ ၆၁ ကြိမ်ထိအများဆုံးလှုပ်ခဲ့ကာ  ငလျင်လှုပ်မှု အကြိမ် တနှစ်ထက် တနှစ်များပြားလာနေပါတယ်။

၂၀၁၉ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ ဟုမ္မလင်းမြို့နယ်မှာ ၁၃ ကြိမ်၊ မော်လိုက်မြို့နယ်မှာ ၁၁ ကြိမ်၊ ကလေးမြို့နယ်မှာ ၈ ကြိမ်၊ ကလေးဝမြို့နယ်မှာ ၇ ကြိမ်၊ တမူးမြို့နယ်မှာ ၄ ကြိမ်၊ ခန္တီးနှင့်ဖောင်းပြင်မြို့နယ်မှာ ၃ ကြိမ်စီ၊ ရွှေဘို၊ ကန့်ဘလူ၊ ကောလင်း၊ ရေဦး၊ မင်းကင်း၊ မြင်းမူ၊ ထီးချိုင့်၊ ကသာမြို့တွေမှာ ၁ ကြိမ်စီလှုပ်ခတ်ခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ ပြင်းအားပမာဏ ရစ်ချ်တာစကေး  ၆ အထက် ၁ ကြိမ်၊ ၅ အထက် ၆ ကြိမ်၊ ၄ အထက် ၃၀ ကြိမ်နှင့် ၄ အောက် ၂၄ ကြိမ်ထိ ရှိခဲ့ပါတယ်။ 

ရေဦးငလျင်မှာတော့ ဒဏ်ရာရရှိသူ ၃ ဦးထိ ရှိခဲ့ပြီး နေအိမ်နှင့် သာသနိက အဆောက်အအုံ တချို့ ထိခိုက်ပျက်စီးတာတွေရှိခဲ့တဲ့အတွက် စစ်ကိုင်းတိုင်းဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနကနေ ထောက်ပံ့ငွေကျပ် ၄၅ သိန်းကျော် ကူညီခဲ့ရပါသေးတယ်။

စစ်ကိုင်းတိုင်း ဘေးစီမံဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က " ငလျင်တင်မကပါဘူး သဘာဝဘေးအန္တရာယ်တွေက တနှစ်ထက်တနှစ် ပိုပိုပြီးတော့ ဖြစ်လာနေတာပါ။ အခုလည်း ငလျင်ဖြစ်ပွားမှု အခြေအနေတွေကို ပြုစုနေတယ်။ ပြီးရင် အစည်းအဝေးတွေမှာ တင်ပြပြီး အသိပညာပေးဟောပြောပွဲတွေ လုပ်နိုင်အောင် စီစဉ်နေပါတယ်။"လို့ ပြောပါတယ်။

၂၀၁၈ ခုနှစ်အတွင်း တနိုင်ငံလုံးမှာ ငလျင်အကြိမ်ပေါင်း ၁၅၃ ကြိမ်ထိ လှုပ်ခတ်ခဲ့ပါတယ်။ အဲဒီထဲမှာ နေပြည်တော်နဲ့ ပူတာအိုမြို့နယ်တို့မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေက ပြင်းအား ရစ်ချ်တာစကေး ၅ ဒသမ ၆ အဆင့်တွေရှိခဲ့ကြပြီး အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ 

စစ်ကိုင်းတိုင်းအတွင်း စစ်ကိုင်းပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့တွေရှိကာ ပြတ်ရွေ့ရှိတဲ့ နေရာ တွေမှာ မြေထုချပ် မငြိမ်မသက်မှုတွေဖြစ်ပေါ်ပြီး ငလျင်လှုပ်ခတ်မှုတွေလည်း ဖြစ်လေ့ရှိပါတယ်။ 

စစ်ကိုင်းတိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲက ၁၈၃၉ ခုနှစ်မှာ ပြင်းအား ၇ ဒသမ ၅ ပမာဏနဲ့ လှုပ်ခတ်ခဲ့တဲ့ အင်းဝငလျင်ကြောင့် သာသနိကအဆောက်အဦတွေ ပြိုကျပျက်စီးခဲ့သလို လူ၃၀၀ ကျော်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

၁၉၅၆ မှာ လှုပ်ခတ်ခဲ့တဲ့ပြင်းအား ၇ ရှိ စစ်ကိုင်းငလျင်ကြောင့်လည်း အင်းဝတံတားအနည်း ငယ်ရွေ့သွားခဲ့သလို မင်းကွန်းပုထိုးတော်ကြီးအပါအဝင် သာသနိက အဆောက်အအုံတွေလည်း ပျက်စီးခဲ့ကာ လူ ၄၀ သေဆုံးခဲ့ပါတယ်။ 

ငလျင်ကြီးတွေက နောက်တကျော့ပြန်လာနိုင်တာကြောင့် ငလျင်ရပ်ဝန်းအတွင်းမှာ ရှိတဲ့ ပြည်သူတွေကို ငလျင်နဲ့ပတ်သက်ပြီး အသိပညာပေးတာတွေ များများလုပ်ပေးဖို့ လိုအပ်နေ တယ်လို့လည်း ဆိုပါတယ်။

"ငလျင်လှုပ်ခတ်မှု စာရင်းတွေပြုစုပြီး ငလျင်အများဆုံး လှုပ်ခတ်ခဲ့တဲ့ဒေသတွေ၊ ငလျင်ကြီးတွေ လှုပ်ခတ်ခဲ့တဲ့ဒေသတွေမှာရှိတဲ့ အဆောက်အအုံတွေရဲ့ သက်တမ်းအရည်အသွေး ကြံ့ခိုင်မှုတွေကိုလည်း ပြန်လည်စစ်ဆေးဆောင်ရွက်ဖို့ စည်ပင်သာယာရေးနဲ့ ပူးပေါင်းပြီးတော့ လည်း ဆောင်ရွက်သွားမှာပါ"လို့ ဦးစဝီလီဖရန့်က ပြောပါတယ်။

စစ်ကိုင်းပြတ်ရွေ့ဟာ ပူတာအိုကနေ ဘင်္ဂလားပင်လယ်အော်အထိ ရှည်လျားကာ ပြတ်ရွေ့ တလျောက် မန္တလေး၊ စစ်ကိုင်း၊ တောင်ငူ၊ ပဲခူးစတဲ့ မြို့ကြီးတွေလည်း ရှိနေပါတယ်။

၂၀၂၀ ပြည့်နှစ်အတွင်းမှာလည်း ဇန်နဝါရီလမှာ ငလျင်  ၁၅ ကြိမ်လှုပ်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ ၆ ကြိမ်လှုပ်ခတ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ပထမပတ်အတွင်း ငလျင် ၄ ကြိမ်လှုပ်ခတ်ထားတယ်လို့ မိုးလေဝသနှင့် ဇလဗေဒသတင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013