DVB Logo
Home
Lead Story
ဖဲကြိုးစိမ်းလှုပ်ရှားမှုကပေးသည့် သင်ခန်းစာ 
DVB
·
February 6, 2020
ဖဲကြိုးစိမ်းလှုပ်ရှားမှုကပေးသည့် သင်ခန်းစာ 
Donate to DVB

လူဆိုသည်မှာ သူမလုပ်ချင်သည့် အရာတခုခုကို တွန်းအားပေး ခိုင်းစေလာသည်နှင့် ပြဿနာဖြစ်လေ့ရှိစမြဲပင်။ သာမန်တွန်းအားပေးစေခိုင်းခြင်းမဟုတ်ဘဲ အဓမ္မပြုစေခိုင်းလာပါက အာဏာအလွဲသုံးစားလုပ်မှုဘက်သို့ ရောက်ရှိတတ်သည်ကို ဒီမိုကရေစီအစိုးရတိုင်း အထူးသတိပြု ရှောင်ကြဉ်လေ့ရှိကြသည်။

အတင်းအဓမ္မပြုစေခိုင်းခံရပါကလည်း  အစေခိုင်းခံရသူအနေဖြင့် လက်ခံနိုင်ခြင်းမရှိဘဲ မနိုင်၍ အလျော့ပေးရခြင်းကြောင့် မပျော်မရွှင်ဖြစ်၍ အဖိနှိပ်ခံရသည်ဟုပင် မြင်လာတတ်သည်။ ထိုမှတဆင့် မခံချင်စိတ်ဖြစ်လာတတ်သည်။ ယင်းမခံချင်စိတ်လွန်ကဲ၍ ထိုစိတ်အဆုံးစွန်ဆုံးရောက်လျှင် ဆန္ဒပြမှုသာမက စစ်ပွဲအသွင်ရောက်ရှိလာခဲ့ကြသည်ကို သမိုင်းကသက်သေပြပြီးခဲ့ပါပြီ။ စစ်ပွဲမှန်သမျှ အဆိုပါစိတ်နှင့် မကင်းကြ။

ပြီးခဲ့သည့်ရက်ပိုင်းက မတ်လကျောင်းပိတ်ရက်ကိစ္စကို အကြောင်းပြု၍ ဆရာ/မများနှင့် ကျောင်းသား/သူတို့၏ ဆန္ဒပြပွဲများသည် ဖော်ပြပါသဘောတရားနှင့်ကိုက်ညီနေသည်ကိုပင် တွေ့နိုင်ပါသည်။ အမိန့်တရပ်မထုတ်ပြန်မီ သို့မဟုတ် ဥပဒေတရပ်မပြဋ္ဌာန်းမီ ပြည်သူလူထု၏ လိုက်နာဆောင်ရွက်နိုင်ခြင်းရှိ မရှိကို  ဦးစွာ စဉ်းစား၍ ပြည်သူ့အသံကိုနားထောင်ရန်သင့်လှသည်။

လူသဘာဝတွင်လည်း မိမိရရှိထားသော သက်သောင့်သက်သာ အခြေနေတခုကို စွန့်လွှတ်ရန်ခက်ခဲသည်။ ရရှိလက်ခံထားသည့် Status အဆင့်ထက်နိမ့်ကျသည်ဟု ထင်မြင်လာလျှင် ထိုအမိန့်နှင့် စေခိုင်းမှုကို လက်ခံနိုင်မည်မဟုတ်သည်ကိုလည်း သတိပြုရပေမည်။

၁၉၅၃-၅၄ ပညာသင်နှစ်တွင် ဖဆပလအစိုးရက အောက်တိုဘာကျောင်း တစ်လ ပိတ်ရက်အစား ၁၅ ရက်သာပိတ်ရန် အမိန့်တရပ်ထုတ်ပြန်သဖြင့် ကျောင်းသားထုဆန္ဒပြပွဲများ အကြီးအကျယ်ဖြစ်ခဲ့ဖူးသည်။ ဤသည်မှာလည်း မူလရရှိထားသောအခွင့်အရေး (Status) ကို မဆုံးရှုံးလိုစိတ်၊ ကျောင်းသားထုနှင့် ညှိနှိုင်းတိုင်ပင်ခြင်းမရှိဘဲ အမိန့်တရပ်ထုတ်ပြန်၍ အဓမ္မစေခိုင်းလိုစိတ်ကြောင့် ဖြစ်ပေါ်လာခဲ့ရခြင်းဖြစ်သည်ဟု နိုင်ငံရေး စိတ်ပညာရှင်တို့က သုံးသပ်ခဲ့ကြသည်။

ထိုသို့ဆိုလျှင် အစိုးရတရပ်အနေဖြင့် ဥပဒေအမိန့်တို့ကို မည်သို့ထုတ်ပြန်မလဲဟူ၍ အမေးရှိလာပေမည်။ ဒီမိုကရေစီအုပ်ချုပ်ရေးတွင် အမိန့်တရပ်ကို အများလက်ခံလာအောင် တိုက်တွန်းနှိုးဆော်တတ်သော၊ တနည်းအားဖြင့် လူထုထင်မြင်ချက်ကို လက်ခံမှုရရှိလာအောင် လုပ်ဆောင်နိုင်ခြင်းသည်သာ ဒီမိုကရေစီအုပ်ချုပ်ရေး၏ နည်းပရိယာယ်နှင့် အနှစ်သာရဟု ဆိုရပေမည်။

တဘက်တွင်လည်း ဆန္ဒပြခြင်း၊ သပိတ်မှောက်ခြင်းတို့ မပြုလုပ်မီကတည်းက အတိုင်းအတာ အကန့်အသတ်ကို ဦးစွာစဉ်းစားအပ်ပေသည်။ မည်သည့်အတိုင်းအတာထိပြမလဲ။ အကန့်အသတ်ထားသည့် ဆန္ဒပြပွဲလား။ အကန့်အသတ်မဲ့ ဆန္ဒပြပွဲလုပ်မည်လားဆိုသည်မှာ သပိတ် (သို့) ဆန္ဒပြပွဲတခု၏ နယ်ပယ်သတ်မှတ်ခြင်းပင်ဖြစ်သည်။ အထွေထွေ သပိတ်အထိ သွားမည်ဆိုလျှင် ပြည်သူ့လူထု၏ လိုက်ပါမှုရေချိန်ကို ထည့်သွင်းစဉ်းစားရလေ့ရှိပါသည်။

တခါတရံ အထွေထွေသပိတ်အထိ မတက်ရောက်နိုင်သေးချိန်တွင် အကန့်အသတ်ထား၍ ပြကြရသည်လည်း ရှိတတ်ပါသည်။ ဤသို့သောတိုက်ပွဲတွင် မိမိဘက်က ဂုဏ်သိက္ခာရှိရှိ ရပ်တည်၍ရသော တောင်းဆိုမှုရရှိချိန်တွင် သပိတ်အရှိန်ကို ရပ်တန့်ကြရစမြဲပင်။ ထို့ထက်ပိုသွားလျှင် တပ်ဦးကျွံသောအနေအထားသို့ ရောက်ရှိသွားတတ်သည်ကိုလည်း သတိပြုအပ်ပေသည်။

လက်ရှိဖြစ်ပေါ်ခဲ့သော အခြေအနေအရပ်ရပ်အား ပြန်လည်သုံးသပ်ကြည့်လျှင် ပြည်သူ့ကိုယ်စားလှယ် လွှတ်တော်အမတ်များ၏ညှိနှိုင်းကြိုးပမ်းချက်အရ ပညာရေးဝန်ကြီးဌာနက ယခုနှစ် ကျောင်းဖွင့်ရက်တိုးမြှင့်မည့်အစီအစဉ်ကို ဖြေလျော့ပေးလိုက်သည်ကို တွေ့ရသည်။

ဤအခြေနေသည်ပင် နှစ်ဖက်နားလည်နိုင်စွမ်းသော အခြေနေတရပ်ဖြစ်သကဲ့သို့ လက်ရှိအနေအထားအရ “မြွေမသေတုတ်မကျိုး” အနေအထားဖြစ် နှစ်ဦးနှစ်ဖက် သဟဇာတဖြစ်မှု အခြေနေတရပ်ဟု ထင်မြင်မိပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013