လေကြောင်းပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ်က ရွာသား ၁၀၀၀ ခန့်ထွက်ပြေးလာ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ တပ်မတော်ကလေကြောင်းကပစ်ခတ်မှုတွေကြောင့် ကျေးရွာ ၁၁ ရွာလောက်က ဒေသခံ ကျေးရွာသား ၁၀၀၀ နီးပါး ရသေ့တောင်မြို့နယ်က ခွဆုံကျေးရွာကို ဖေဖော်ဝါရီ ၄ ရက်နဲ့ ၅ ရက်နေ့တို့မှာ ထွက်ပြေးလာကြပါတယ်။
ဖော်ဖော်ဝါရီ ၄ ရက်က ရသေ့တောင်မြို့နယ်ထဲမှာ တပ်မတော်က လေကြောင်းပစ်ခတ်မှုတွေ လုပ်ခဲ့ပြီးနောက် သမီးလှရွာသစ်၊ သမီးလှရွာဟောင်း၊ မညှင်းတောင်၊ ကုလားချောင်း၊ ရက်ခုန်တိုင်း၊ ညောင်းပင်လှ၊ ပြိန်းတော၊ ကုန်တန်း၊ အိုးဖောက်၊ ဇေယျာမြိုင်၊ အုန်းချောင်းကျေးရွာတွေက ကျေးရွာသား ၁၀၀၀ နီးပါး စက်လှေတွေနဲ့ ထွက်ပြေးလာကြတာဖြစ်ပါတယ်။
ခွဆုံကျေးရွာတာဝန်ခံ ဦးသိန်းမောင်က “မနေ့က တပ်မတော်က လေယာဉ်နဲ့ ပြင်းပြင်းထန်ထန် ပစ်တယ်။ အဲ့ဒီမှာကြောက်ပြီးတော့ အကုန်ထွက်ပြေးလာကြတယ်။ မနေ့ည ကတည်းက လာတဲ့သူတွေရှိတယ်။ ဒီနေ့ဆိုရင်စစ်ဘေးရှောင် ၁၁ ရွာလောက်က ကျနော်တို့ရွာကို ရောက်နေပြီ၊ ကလေးတွေ၊ လူလတ်ပိုင်းတွေ၊ လူကြီးပိုင်တွေအကုန်ပါတယ်။ အခုကျနော်တို့ စာရင်း ကောက်နေတုန်းရှိသေးတယ်။ လောလောဆယ်ကောက်ယူထားတဲ့လူက ၁၀၀၀ နီးပါးလောက်ရှိ နေပြီ” လို့ပြောပါတယ်။
ခွဆုံကျေးရွာကို ရောက်ရှိလာသူတွေအတွက် စားနပ်ရိက္ခာ ပြတ်လတ်အခက်အခဲတွေ့နေပြီး အစားအစာတွေရရှိဖို့အတွက် အဖွဲ့အစည်းတွေကို အကူအညီတောင်းထားတယ်လို့ သိရပါတယ်။
ခွဆုံကျေးရွာသားဦးမောင်ဖြူက “ကျနော်တို့ရွာမှာလည်း ဒီလောက်လူဦးရေနဲ့ ဘယ်လုပ်နိုင် မလဲ၊ ရွာမှာလည်းစားနပ်ရိက္ခာပြတ်နေပြီ၊ တိုက်ပွဲကလည်း ဆက်တိုက်ဖြစ်နေတော့ ဘယ်သူ့မှ အပြင်ထွက်ပြီးတော့ မလုပ်မလုပ်ရဲကြတော့ဘူး။ ရှိတာလေးနဲ့ ကြည့်ပြီးစားနေရတာ၊ အခု လူတွေတိုးလာပြီ၊ ဘယ်လုပ်ကြမလဲ၊ လောလောဆယ်မှာတော့ ရွာမှာရှိတာလေးကို စားနေ ကြတယ်။ အဖွဲ့အစည်းတချို့ကိုတော့ အကူအညီတောင်းထားတယ်။ အခုအချိန်အထိတော့ အကြောင်းမပြန်သေးဘူး။”လို့ ပြောပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော်(အေအေ)တို့ ရသေ့တောင်မြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်နဲ့ ၂ ရက်နေ့တို့မှာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားပြီးနောက်မှာ တပ်မတော်ဘက်က ဖေဖော်ဝါရီ ၄ ရက်မှာ ရဟတ်ယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှုလိုက်ခဲ့တာလို့ ဒေသခံတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။











