DVB Logo
Home
မြန်မာသတင်း
တရုတ်တင်ပို့သည့် ဧရာဝတီတိုင်းက ကဏန်းနှင့်ရေထွက်ကုန်လုပ်ငန်းများ ရပ်တန့်
DVB
·
February 6, 2020
တရုတ်တင်ပို့သည့် ဧရာဝတီတိုင်းက ကဏန်းနှင့်ရေထွက်ကုန်လုပ်ငန်းများ ရပ်တန့်
1 / 6
Donate to DVB

တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ့်ရောဂါကြောင့် ဧရာဝတီတိုင်းကနေ တရုတ်ကို တင်ပို့နေတဲ့ ကဏန်းနဲ့ ရေထွက်ပစ္စည်းတွေလုပ်ငန်းတွေ ကုန်လမ်းက ကုန်စည်တင်ပို့တာတွေ ရပ်တန့် သွားတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

မူဆယ် ၁၀၅ မိုင်မှာ ကုန်သွယ်မှုတွေ ခေတ္တ ရပ်ဆိုင်းခဲ့ပြီးနောက်ပိုင်း ဇန်နဝါရီ ၂၅ ရက်နေ့ကစတင်ကာ တရုတ်နိုင်ငံကို ဧရာဝတီတိုင်းအတွင်းကတင်ပို့နေတဲ့ ကဏန်းအပါအဝင် ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်းတွေ ရပ်တန့်သွားတယ်လို့ ပုသိမ်မြို့ခံ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင် ဦးမိုးကျော်က ဒီဗွီဘီကိုပြောပါတယ်။

"လပွတ္တာမြို့မှာ ဂဏန်းဒိုင်း ၁၅၀ ရှိပြီး လုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေတဲ့ ဂဏန်းဖမ်းသူ၊ သယ်ပို့သူနဲ့ ဂဏန်းဒိုင်လုပ်သား ကုန်ကားလုပ်သား အပါအဝင် လူဦးရေ ၃ သောင်းကျော်ရှိပြီး မှီခိုနေတဲ့ မိသားစုပါ ဒုက္ခရောက်နေရတယ်။ အခြားမြို့တွေက လုပ်ငန်းတွေ မပါသေးဘူး၊ ခုလို့ လုပ်ငန်းတွေ ရပ်တန့်ထားရတော့ အားလုံအခက်အခဲတွေ ဖြစ်ကုန်တာပေါ့" လို့ လပွတ္တာမြို့က ကဏန်းဒိုင်လုပ်ငန်းရှင် ဦးပြည့်ဖြိုးကျော်က ပြောပါတယ်။

တရုတ်နိုင်ငံကို ရန်ကုန် - မူဆယ် ကားလမ်းမှတဆင့် တိုင်းဒေသကြီးအတွင်းမှထွက်တဲ့ ကဏန်း၊ ပုစွန်၊ ငါးရှဉ့်၊ ငါးဟောက် အများဆုံးတင်ပို့နေတဲ့ မြို့နယ် ၁၅ မြို့နယ်က ရေထွက်ပစ္စည်း ပို့ကုန်လုပ်ငန်း လုပ်ကိုင်သူတွေမှာလည်း မူဆယ်ကုန်သွယ်ရေးစခန်းယာယီရပ်နားပြီးနောက်ပိုင်း လုပ်ငန်းတွေ ဆက်လက်လည်ပို့ဖို့နဲ့ လုပ်ငန်းတွေအပေါ်မီခိုနေတဲ့ မိသားစုဝင်တွေရဲ့ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ လုပ်ငန်ရှင်တွေက ပြောပါတယ်။

"တရုတ်နှစ်ကူးမှာ ပို့ဖို့အတွက် ကြိုစုထားတဲ့ ကဏန်းတွေ စျေးကွက်ပျောက်သွားတာပေါ့၊ ၁ ကီလိုကို ၂၂၀၀၀ ကျပ်ရှိတဲ့ ကဏန်းစျေးက ခုတော့ဒေသတွင်း စားသုံးသူစျေးကွက်ထဲကို ၅၀၀၀ ကျပ်နဲ့ ချရောင်းပေးနေရတာတွေလည်းရှိတယ်၊ ဘုံလုံလို့ခေါ်တဲ့ ကဏန်းကို အစားပြန်ကျွေးပြီး ပြန်မွေးတဲ့လူတွေလည်းရှိတယ်။ အချို့လည်း ပြန်လွတ်တာတွေလုပ်တယ်" လို့ ပုသိမ်မြို့က ကဏန်းကုန်သည် ဦးမျိုးဝင်းက ဒီဗွီဘီကိုပြောပါတယ်။

ပုစွန်နဲ့ ငါးဟောက် တို့ကို ဒေသတွင် စျေးတွေထဲမှာ ရောင်းချနေရတာတွေရှိနေပြီး ငါးရှည့် ကိုတော့ ဒေသတွင်းစျေးတွေထဲမှာ ရောင်းချနေရတာတွေအပြင် အစားကျွေးပြီး မွေးရတာ တွေလည်း ရှိတယ်လို့ လုပ်ငန်းရှင်တွေက ဆိုပါတယ်။

ဧရာဝတီတိုင်းက ရေထွက်ပစ္စည်းတွေကို လေယာဉ်လိုင်းနဲ့ ကုန်လမ်းခရီးဖြင့် ရန်ကုန်နဲ့ မူဆယ်မြို့တွေကနေ ပို့ဆောင်တာတွေ ပြုလုပ်နေပြီး ယခင်က မူဆယ်လမ်းကြောင်းနဲ့ တင်ပို့ချိန်မှာ လမ်းခရီး လုံခြုံရေးကြောင့် မကြာခဏ ရပ်တန့်ခဲ့ပေမဲ့ အခုတခါ အကန့်အသတ်မရှိ ရပ်တန့်လိုက်တာကြောင့် လုပ်ငန်းရှင်ရော အလုပ်သမားတွေပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာလို့ လုပ်ငန်းရှင်အများစုက ပြောပါတယ်။

တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်းမြင့်တက်လာပြီး နောက်ပိုင်း တရုတ် - မြန်မာနယ်စပ်၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးကို ဇန်နဝါရီ ၂၂ ရက်နေ့စတင်ကာ တာဝန်ရှိသူတွေက ပိတ်ထားခဲ့တာပါ။

မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ - စိုးသီဟမင်း (လပွတ္တာ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
တရုတ်တင်ပို့သည့် ဧရာဝတီတိုင်းက ကဏန်းနှင့်ရေထွက်ကုန်လုပ်ငန်းများ ရပ်တန့်