DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့်သူ  ၁၂၀၀၀ ကျော်တိုးလာ
DVB
·
February 5, 2020
စစ်ကိုင်းတိုင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့်သူ  ၁၂၀၀၀ ကျော်တိုးလာ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀ မတ်လမှာ ကျင်းပမယ့်တက္ကသိုလ်ဝင် စာမေးပွဲမှာ ဝင်ရောက်ဖြေဆိုဖို့တင်ထားတဲ့ ကျောင်းသူ ကျောင်းသားပေါင်း ၁၃၁,၆၃၇ ဦးရှိပြီး မနှစ်က ၁၁၉,၄၀၅ ဦးသာရှိခဲ့ကာ ဒီနှစ်မှာ ၁၂,၂၃၂ ဦးတိုးလာတယ်လို့ တိုင်းပညာရေးမှူးရုံးက သိရပါတယ်။

စာစစ်ဌာနအနေနဲ့လည်း လမ်းပန်းဆက်သွယ်ရေး၊ ကျောင်းသားဦးရေတွေအရ စာစစ်ဌာန အသစ် ၇ ခု၊ စာဖြေဌာနခွဲ ၁၁ ခု စုစုပေါင်း ၁၈ ခုထိ တိုးချဲ့ထားပြီး စုစုပေါင်း စာဖြေဌာန ၂၄၈ ခုမှာ စစ်ဆေးသွားမှာဖြစ်ပါတယ်။ 

စစ်ကိုင်းတိုင်းပညာရေးမှူးရုံး ညွှန်ကြားရေးမှူး(ပညာ) ဒေါ်ကြည်ကြည်မာက "အဌမတန်းပြီးမြောက်တဲ့ ကျောင်းသားဦးရေကလည်း တိုးလာတယ်။ အတန်းကူးပြောင်းနှုန်းတွေ မြင့်လာတဲ့အတွက်ကြောင့်မို့ ကျောင်းသားဦးရေတိုးလာတာဖြစ်ပါတယ်။ ဖြေဆိုမယ့် ကျောင်းသားကျောင်းသူဦးရေကလည်း တိုးလာတယ်။ စာစစ်ဌာနကလည်း တိုးလာပါတယ်။ သတ်မှတ်ချက် မူဘောင်နဲ့ကိုက်ညီတဲ့ စာစစ်ဌာနအသစ်ကတော့ ၇ ခု ဒီနှစ်မှာ ထပ်မံတိုးချဲ့ပြီး ရရှိပါတယ်။ နောက်ကျောင်းသားဦးရေများပြားတဲ့ မြို့နယ်တွေမှာကျတော့ Sub-center ၁၁ ခုထပ်မံပြီး တိုးချဲ့ထားပါတယ်။"လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ၂၀၁၇-၁၈ မှာအောင်ချက် ရာခိုင်နှုန်း ၃၄ ဒသမ ၈၇ ရာခိုင်နှုန်းပဲ ရှိခဲ့ပြီး ၂၀၁၆-၁၇ ထက် ၃ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့သလို ၂၀၁၈-၁၉ ပညာသင်နှစ်မှာလည်း အောင်ချက်ရာခိုင်နှုန်း ၃၄ ဒသမ ၁၅ ရာခိုင်နှုန်းပဲရှိခဲ့ကာ အောင်ချက် သုညရှိတဲ့ကျောင်း ၂၀ ထိရှိခဲ့ပါတယ်။

လာမယ့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာလည်း အရင်နှစ်တွေထက် အောင်ချက် ပိုပြီးမြင့်မားအောင် စီမံဆောင်ရွက်နေသလို အောင်ချက်သုညမကွဲတဲ့ကျောင်းအရေအတွက် နည်းအောင်လည်း ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ် လို့ ဆိုပါတယ်။

"အောင်ချက်မြင့်မားရေးအတွက် တိုင်းခရိုင်မြို့အနယ်အဆင့် ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲ တွေ ဆောင်ရွက်ပါတယ်။ နောက်မြို့နယ်တွေတော်တော်များများ တက္ကသိုလ်က ဆရာ/ဆရာမကြီး တွေ ဖိတ်ကြားပြီးတော့ သင်ကြားနေတဲ့ ဆရာ/ဆရာမတွေ၊ ကျောင်းသားကျောင်းသူတွေကို ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေ ဆောင်ရွက်ပါတယ်။ သင်တန်းတွေလည်း ဆောင်ရွက်ပေးပါ တယ်။ အောင်ချက် သုညရှိတဲ့ကျောင်းက သက်ဆိုင်ရာကျောင်းအုပ်ကြီးတွေ၊ မြို့နယ်၊ ခရိုင် ပညာရေးမှူးတွေခေါ်ပြီးတော့ တိုင်းရုံးမှာပဲ သူတို့ရဲ့ အားနည်းချက်တွေ၊ အားသာချက်တွေ ဆရာ လုံလောက်မှုရှိရဲ့လား သူတို့အခက်အခဲတွေကို မေးမြန်းဆွေးနွေးပြီး လုပ်ဆောင်နေပါတယ်" လို့လည်း ညွှန်ကြားရေးမှူး(ပညာ) ဒေါ်ကြည်ကြည်မာက ပြောပါတယ်။

စာမေးပွဲခန်းစောင့်ကြပ်မယ့် ကြီးကြပ်ရေးမှူးတွေကိုလျာထားပြီး သက်ဆိုင်ရာရုံးချုပ်ကို တင်ပြထားကာ မြို့နယ်အတွင်းက အထက်တန်းပြ၊ အလယ်တန်းပြနဲ့ ဝါရင့် မူလတန်း ကျောင်းအုပ်ကြီးတွေကို လက်ထောက်ကြီးကြပ်ရေးမှူး ခန့်အပ်ကာ ဆရာ/ဆရာမတွေကိုလည်း လုံလောက်အောင် စီမံထားတယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ မုံရွာတက္ကသိုလ်အပါအဝင် တနိုင်ငံလုံးအနေနဲ့ တက္ကသိုလ် ၁၀ ခုမှာ တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ မေးခွန်းတွေကိုလည်း ထုတ်နေပြီဖြစ်ပါတယ်။ မေးခွန်းတွေ မကျိုးပေါက်စေရေး အတွက်လည်း သက်ဆိုင်ရာ နယ်မြေအလိုက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အကူအညီကို ရယူကာ ဆောင်ရွက်နေပါတယ်။

ဒီနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဖို့ တနိုင်ငံလုံးမှာ စာရင်းပေးထားသူဦးရေ ၉ သိန်း ၇ သောင်းကျော်ရှိပြီး တနိုင်ငံလုံးမှာ စာစစ်ဌာနပေါင်း ၂၀၀၀ လောက်ရှိပါတယ်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကိုတော့ လာမယ့် မတ်လ ၁၁ ရက်နေ့ကနေ ၂၀ ရက်နေ့ထိ ကျင်းပသွားမယ်လို့ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013