
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ တတ်တောင်မြို့မှ အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ ဦးတင်ရီရဲ့ အမှုကို တရားလိုနဲ့ တရားလိုပြ သက်သေ ၉ ဦးကို စစ်ဆေးခဲ့ပြီးတဲ့နောက် ငြိစွန်းမှု တစုံတရာမတွေ့ရတဲ့အတွက် ဖေဖော်ဝါရီ ၄ ရက်မှာ ကျောက်ဖြူခရိုင် တရားရုံးက တရားရှင် လွှတ်ပေးလိုက်ပါတယ်။
ဦးတင်ရီကို အမ်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးလှိုင်ဆိုသူက ခြိမ်းခြောက်စာပေးပို့တယ် ဆိုကာ အမ်းမြို့မရဲစခန်းမှာ တရားလိုပြုလုပ်ကာတိုင်တန်းခဲ့တဲ့အတွက် အကြမ်းဖက်ဥပဒေ ပုဒ်မ၅၀ (က) နဲ့ တရားစွဲဆိုခံခဲ့ရတာပါ။
တရားလိုအပါအဝင် တရားလိုပြသက်သေ ၉ ယောက်ကို ပြီးခဲ့တဲ့နှစ် ဩဂုတ် ၁ ရက်နေ့က စပြီး ရုံးချိန်း ၁၉ ချိန်းလောက် စစ်ဆေးလာတာဖြစ်တယ်။
မနေ့ကရုံးချိန်းမှာတော့ တရားရှင်လွှတ်ပေးလိုက်တယ်လို့ အခမဲ့အကျိုးဆောင်ပေးနေတဲ့ သဇင်ဥပဒေအထောက်အကူပြုရုံးက အထက်တန်းရှေ့နေ ဦးကျော်ဆန်းနိုင်က ပြောပါတယ်။
“အခုရုံးချိန်မှာကျတော့မှ ဦးတင်ရီကို စွဲချက်တင်သင့်မတင်သင့် အမိန့်ကိုကြားနာတာပေါ့၊ ကြားနာတဲ့အချိန်မှာ တရားသူကြီးကနေပြီးတော့မှ ဦးတင်ရီအပေါ်မှာ စွဲဆိုထားတဲ့ အကြမ်းဖက်ဥပဒေ ပုဒ်မ-၅၀(က)နဲ့ ငြိစွမ်းပေါ်ပေါက်မှုမရှိဆိုပြီးတော့မှ သုံးသပ်ပြီးတော့မှ စွဲချက်မတင်ပဲနဲ့ တရားရှင်လွှတ်ပေးလိုက်တာ ဖြစ်တယ်ပေါ့၊ တရားသူကြီးအနေနဲ့လည်း မှန်မှန်ကန်ကန်သုံးသပ် ဆုံးဖြတ်ပြီးတော့မှ လွှတ်ပေးလိုက်တာပေါ့။”
အခုလို အမ်းမြို့နယ်တာဝန်ရှိသူတွေက အကြမ်းဖက်ဥပဒေနဲ့ တရားစွဲဆိုခံခဲ့ရပြီး အကျဉ်းထောင်မှာ ၇ လ ကျော်ကြာနေထိုင်ခဲ့ရတာကြောင့် လူမှုစီးပွားရေး ထိခိုက်နစ်နာခဲ့ပေမယ့် ဘယ်သူကိုမှ အပြစ်မမြင်ဘူးလို့ ပြန်လည်လွတ်မြောက်လာသူ ဦးတင်ရီက ပြောပါတယ်။
“ကျနော်ကို ၇ လကျော် ဖမ်းဆီးခံခဲ့ရတာပေါ့၊ ဒီထဲမှာ ကျနော်တို့ရဲ့ မိသားစုတွေ၊ လူမှုဘဝစီးပွားရေးတွေ ပျက်ရတာတွေ၊ နောက်ပြီးတော့ အကျဉ်းထောင်ထဲမှာ ကျနော့် ဘဝတွေပေးဆပ်ခဲ့ရတာတွေနဲ့ ပတ်သက်ပြီးတော့ တော်တော်နစ်နာ မှုတွေရှိခဲ့တယ်။ ဒါပေမဲ့ ကျနော့်ကို အာဏာပိုင်တွေနဲ့ အဖွဲ့အစည်းတွေကတော့ ဒီလို လုပ်လိုက်တာကိုတော့ ကျနော်ကတော့အပြစ်လည်းမမြင်ပါဘူး၊ ကျနော်အခုလို ပြန်လွတ်မြောက်လာတာကိုပဲ ဝမ်းသာမိပါတယ်၊ ကျနော့်လို အကြမ်းဖက်ဥပဒေနဲ့ စွပ်စွဲခံထားရသူတွေလည်း ပြန်လည်လွတ် မြောက်စေချင်ပါတယ်”လို့ ဦးတင်ရီက ပြောပါတယ်။
လက်ရှိအချိန် အမ်းမြို့နယ်နဲ့ မြေပုံမြို့နယ်တို့မှာ သံသယနဲ့ ဖမ်းဆီးခံခဲ့ရပြီး အမ်းမြို့မရဲစခန်းမှာ အကြမ်းဖက် ဥပဒေနဲ့ အမှုဖွင့်လှစ်ကာ တရားစွဲဆိုခံနေရသူ ၂၀ ကျော် လောက်ရှိနေပြီဖြစ်ပါတယ်။
သတင်း- နောင်နောင်











