ပုသိမ်မြို့တွင် နှာခေါင်းစည်း ၁ သိန်း အခမဲ့ဝေပေးမည်
DVB
·
February 5, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ နှာခေါင်းစည်းတွေဝယ်ယူရတာ ခက်ခဲလာပြီး စျေးနှုန်း တွေ အဆမတန်မြင့်တက်လာတာကြောင့် ဖေဖော်ဝါရီ ၄ ရက် ညပိုင်းက စတင်ကာ နှာခေါင်းစည်း အရေအတွက် ၁ သိန်းကို ဝေငှသွားဖို့ အလှူရှင်တွေနဲ့ ပရဟိတအဖွဲ့တွေက စီစဉ်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်တွေနဲ့ နှာခေါင်းစည်းတွေကို ပုသိမ်မြို့၊ အမှတ် ၄ ရပ်ကွက်မှာရှိတဲ့ ရေပေါ်စျေးမှာ စတင်ပေးဝေခဲ့နေတယ်လို့ ပုသိမ်မြို့အခြေစိုက် ဧရာဝတီဦးမိုးကြီး ပရဟိတအသင်းက ဦးမိုးကြီးကပြောပါတယ်။
"ကျနော်တို့ ၉ ရက်အတွင်းမှာ နှာခေါင်းစည်း အခုရေ ၁ သိန်းနဲ့ ကျန်းမာရေးလက်ကမ်းစာစောင် ၁ သိန်းကို မျှဝေပေးသွားမယ်၊ ခုက ပုသိမ်မြို့မှာ နှာခေါင်းစည်း ၁ ခုကို ကျပ် ၃၀၀ ထိပေါက်စျေး ရှိနေပြီး လွယ်လွယ်ကူကူဝယ်လို့ မရတာကြောင့် အခုလို လိုက်လံဝေမျှပေးရတာဖြစ်ပြီး နိုင်ငံသားတွေ အနေနဲ့ ရောဂါဖြစ်မှ ကာကွယ်ဖို့မလုပ်ဘဲ မိမိတို့ မီးဖိုချောင်ကနေ စတင်ကာကွယ်တာ ကောင်းပါတယ်"လို့ ပြောပါတယ်။
ပြည်သူအတွင်းက ကျန်းမာရေးလိုအပ်ချက်ကို ပြည်သူထံသို့အသိပေးခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ပုသိမ်မြို့က အလှူရှင်တွေ ပူးပေါင်းလှူဒါန်းပါဝင်မှုနဲ့ နှာခေါင်းစည်း အခုရေ ၁ သိန်းကို ပုသိမ်မြို့ အတွင်းလူစည်ကားတဲ့နေရာတွေမှာ ဧရာဝတီဦးမိုးကြီးပရဟိတအသင်းနဲ့ ရှစ်လေးလုံး အင်အားစုတို့ပူးပေါင်းပြီး နေရောညပါ ပေးဝေသွားမှာ ဖြစ်ပါတယ်။
ပုသိမ်မြို့မှာ အရင်က နှာခေါင်းစည်း အခု ၁၀၀ ပါဝင်တဲ့ဘူး ၁ ဘူးကို ကျပ် ၄၀၀၀ သာရှိခဲ့ရာက ယခုလဆန်းပိုင်းက စတင်ကာ နှာခေါင်းစည်း ၁ ခုကို ၃၀၀ နှုန်းနဲ့ပေးဝယ်နေရပြီး ဘူးလိုက်ယူရင် ကျပ် ၃၀၀၀၀ အထိပေးရကာ ဆေးဆိုင်တိုင်းမှာ အလွယ် တကူဝယ်ယူလို့မရတော့ဘူးလို့ ဒေသခံပရဟိတအသင်းတွေက ပြောပါတယ်။
တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာ ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကြောင့် လူသေဆုံးတာတွေ ရှိလာသလို ကူးစက်တာတွေ မြန်ဆန်လာတဲ့အတွက် ရောဂါကို ကာကွယ်တဲ့နေရာမှာ အသုံးပြုတဲ့ နှာခေါင်းစည်းတွေရဲ့ စျေးနှုန်းဟာ နိုင်ငံတဝန်းမြို့နယ်တော်တော်များများမှာ မြင့်တက်လာခဲ့တာပါ။
သတင်း- မင်းထက်မုန်း (ပုသိမ်)