Homeမြန်မာသတင်း
ပုဂံနယ်မြေ အရှေ့အိုးထိန်းတောင်ကုန်းပေါ်ကို ခွင့်ပြုချက်မရှိဘဲတက်ရောက်သည့် တရုတ်နိုင်ငံသား ၂ ဦးကို အမှုဖွင့် အရေးယူ
ပုဂံနယ်မြေ အရှေ့အိုးထိန်းတောင်ကုန်းပေါ်ကို ခွင့်ပြုချက်မရှိဘဲတက်ရောက်သည့် တရုတ်နိုင်ငံသား ၂ ဦးကို အမှုဖွင့် အရေးယူ
Aung Aung Naing
·
February 4, 2020

မြန်မာနိုင်ငံရဲ့ အထင်ကရဖြစ်တဲ့ ပုဂံမြို့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အရှေ့အိုးထိန်း တောင်ကုန်းပေါ်ကို ခွင့်ပြုချက်မရှိဘဲ တက်ရောက်ခဲ့တဲ့ တရုတ်နိုင်ငံသား ၁၈ ယောက်အဖွဲ့ထဲက နှစ်ဦးကို အမှုဖွင့်ပြီး ဒီကနေ့ ပုဂံရဲစခန်းကို စစ်ဆေးအရေးယူဖို့ ခေါ်ဆောင်သွားပါတယ်။
တရုတ်ခရီးသွားတွေဟာ ဇန်နဝါရီ ၂၉ ရက်က မြဝတီမြို့ကနေတဆင့် ကျိုက်ထီးရိုး၊ မော်လမြိုင်၊ ပုဂံနဲ့ မန္တလေးမြို့တွေကို ၉ ရက်ခရီးစဉ်အရ လာရောက်လည်ပတ်ခဲ့ကြသူတွေ ဖြစ်တယ်လို့ တရုတ်ခရီးသွားအဖွဲ့ရဲ့ စကားပြန် ကိုစိုးနိုင်က ပြောပါတယ်။
တရုတ်နိုင်ငံသား ၁၈ ဦးဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က မော်တော်ယာဉ် နှစ်စီးနဲ့ မောင်းနှင် တက်ရောက်ခဲ့ကြပြီး ဘုရားကုန်းပေါ်မှာ ဘီယာဖာတွေနဲ့ ခေါက်ထိုင်ခုံတွေကို တောင်ကုန်းပေါ်မှာ နေရာယူချထားနေစဉ် ဒေသခံ ဦးအေးမင်းနဲ့ဧည့်လမ်းညွှန် ဒေါ်နှင်းရည်လွင်တို့ကနေ ရှေးဟောင်း အိုးထိန်းတောင်ကုန်းပေါ်မှာ ကားတက်ရောက်ခွင့်မရှိကြောင်း ဘီယာသောက်သုံးခွင့်မရှိကြောင်း ပြောကြားခဲ့တာကြောင့် တရုတ်နိုင်ငံသားအဖွဲ့ ၁၈ ဦးဟာ ဘီယာဖာတွေနဲ့ ခေါက်ထိုင်ခုံတွေကို ကားပေါ်ပြန်တင်ကာ တောင်ကုန်းပေါ်ကနေ ပြန်ဆင်းသွားခဲ့ပါတယ်။
ရှေးဟောင်းနယ်မြေ ပုဂံဒေသကအိုးထိန်းတောင်ကုန်းဟာ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေအရ သတ်မှတ်ထားတဲ့ ရှေးဟောင်းအဆောက်အအုံစာရင်းဝင် ဖြစ်တာကြောင့် ဥပဒေ ပုဒ်မ ၂၀(ခ)မှာ မည်သူမျှ ရှေးဟောင်းအဆောက်အအုံအနီး သတ်မှတ်ထား သောနယ်မြေအတွင်း တုန်ခါမှုဖြစ်ပေါ်စေသော ယန္တရားကြီးအသုံးပြုခြင်း ယာဉ်အမျိုးမျိုး သွားလာခြင်းကို စာဖြင့် ကြိုတင်ခွင့်ပြုချက်မရဘဲ မပြုလုပ်ရဟု တားမြစ်သတ်မှတ်ထားပါတယ်။
Myanmar Impression ကုမ္ပဏီရဲ့ အစီအစဉ်နဲ့ တရုတ်နိုင်ငံသား ၁၈ ဦးဟာ ဇန်နဝါရီ ၂၉ ရက်က ကိုယ်ပိုင်မော်တော်ယာဉ် ၈ စီးနဲ့ မြန်မာနိုင်ငံ မြဝတီ နယ်စပ်ကို ဖြတ်ကျော်ပြီး မော်လမြိုင်၊ ရန်ကုန်၊ ပုဂံ-မန္တလေး-အင်းလေး၊ ကျိုင်းတုံ၊ တာချီလိတ်မြို့တွေကို သွားရောက်လည်ပတ်ခဲ့ကြတာပါ။
ဖေဖော်ဝါရီ ၆ ရက်နေ့မှာ တာချီလိတ် နယ်စပ်ဂိတ်ကနေ ထိုင်းနိုင်ငံကို ပြန်လည်ထွက်ခွာဖို့ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက ခွင့်ပြုထားတဲ့အတွက် ဖော်ဖော်ဝါရီ ၄ ရက်နေ့မှာတော့ အဆိုပါတရုတ်နိုင်ငံသားတွေကို လာခဲ့တဲ့ ခရီးစဉ်အတိုင်း ပြန်လွှတ်ခဲ့ပါတယ်။
ဒီအဖွဲ့ထဲက တရုတ်နိုင်ငံသား ၂ ဦးကိုတော့ ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၂၁ အရ အမှုဖွင့်လှစ်ထားတာကြောင့် ဖေဖော်ဝါရီ ၄ ရက်နေ့ က သူတို့တည်းခိုရာ မန္တလေးမြို့ PULLMAN ဟိုတယ်ကနေ ပုဂံရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။