
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ကျောက်တလုံး အိုင်ဒီပီစခန်းကို အမြန်ဆုံး ရုပ်သိမ်းဖို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ ပြည်နယ် အစိုးရတာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ကျောက်တလုံး အိုင်ဒီပီစခန်းမှာ ဖေဖော်ဝါရီ ၃ ရက်နေ့ကပြုလုပ်တဲ့ တွေ့ဆုံပွဲမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့အဖွဲ့၊ UEHRD တာဝန်ရှိသူတွေ၊ ပြည်နယ် ဝန်ကြီးချုပ်နဲ့ ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေက ကျောက်တလုံး အိုင်ဒီပီ စခန်းမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေနဲ့ တွေ့ဆုံကာ အိုင်ဒီပီစခန်းအမြန်ဆုံး ရုပ်သိမ်းနိုင်ရေးကို အလေးထား ဆွေးနွေးခဲ့ကြပါတယ်။
အဆိုတွေ့ဆုံဆွေးနွေးပွဲ တက်ရောက်လာတဲ့ အိုင်ဒီပီ ဒုက္ခသည်တွေကတော့ စခန်းအတွင်းမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ နိုင်ငံသားဖြစ်ခွင့်၊ ပညာရေးလိုအပ်ချက်နဲ့ စခန်းရုပ်သိမ်းပါက မူလနေထိုင်ခဲ့တဲ့နေရာတွေမှာ ပြန်လည်နေရာချထားပေးဖို့ စတာတွေကိုလည်း တင်ပြတောင်းဆို ခဲ့ကြပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကတော့ တည်ငြိမ်အေးချမ်းဖို့ကို ပြည်သူတွေအနေနဲ့ ပူးပေါင်းလုပ်ဆောင်သွားဖို့ လိုအပ်တယ်လို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
“တည်ငြိမ်အေးချမ်းတာကို ဖန်တီးတာဟာ လူတွေပဲဖြစ်တဲ့အတွက်ကြောင့် လူတဦးချင်း တဦးချင်းစီကနေပြီးတော့ အကောင်းဆုံး အခြေအနေကို ဖန်တီးတဲ့အချိန်မှာ တည်ငြိမ်အေးချမ်းမှုကို ရှေ့ရှုတဲ့အတွေးအခေါ် အယူအဆ အပြုအမှု ဆောင်ရွက်ချက် ဒါတွေအားလုံးကို ဝိုင်းဝန်းပေးပါ၊ အကြံပေးပါလို့ ကျနော့်အနေနဲ့ တိုက်တွန်းချင်တယ်”လို့ ပြောပါတယ်။
သတင်း- နောင်နောင်











