DVB Logo
Home
မေးမြန်းခန်း
နော်ဝေရောက် သမ္မတ ဦးသိန်းစိန်နှင့် မေးမြန်းချက် အပိုင်း ၂ – နိဂုံး
DVB
·
March 1, 2013
နော်ဝေရောက် သမ္မတ ဦးသိန်းစိန်နှင့် မေးမြန်းချက် အပိုင်း ၂ – နိဂုံး
Donate to DVB

သမ္မတနဲ့ တွေ့ဆုံမေးမြန်းချက် ဒုတိယပိုင်း ဖြစ်ပါတယ်။ ဒီအပိုင်းမှာတော့ မြန်မာနိုင်ငံသားဥပဒေ၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ပြည်သူတွေရဲ့ လက်ရှိဘ၀၊ သတင်းမီဒီယာ လွတ်လပ်ခွင့် စတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး မေးမြန်းထားပါတယ်။

တချို့ ဝေဖန်ထောက်ပြတဲ့လူတွေပြောတာက ရခိုင်ဘက်မှာ ဖြစ်နေတဲ့ပြဿနာ အထူးသဖြင့် ဘင်္ဂါလီ၊ ဘင်္ဂလားဒေ့ရှ်ကလာတဲ့လူတွေရဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက်က မြန်မာနိုင်ငံသားဥပဒေကိုပြောတာပေါ့နော်။ နိုင်ငံတကာက ထောက်ပြထားတာလည်း ရှိတယ်။ မြန်မာပြည်က နိုင်ငံသားဥပဒေက တိကျလွန်းအားကြီးတယ်။ ပြုပြင်သင့်တယ်လို့ ပြောတာရှိတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ရော လွှတ်တော်ကဖြစ်ဖြစ်၊ အစိုးရဘက်ကဖြစ်ဖြစ် နိုင်ငံသားဥပဒေကို ပြန်လည်စိစစ် သုံးသပ်ပြီး ပြုပြင်ဖို့ရှိပါလား။

“လောလောဆယ်တော့ ဒီဥပဒေကို အစိုးရပိုင်းကတော့ ပြင်ဆင်ဖို့မရှိပါဘူး။ လွှတ်တော်ကတော့ ဂဃနဏတော့ မသိဘူး။ လွှတ်တော်က ဘယ်လိုသဘောထားတွေ ရှိကြလဲတော့ မသိဘူး။ သို့သော်လည်းပဲ ဒီဥပဒေကို လေ့လာကြည့်ရတာတော့ ဒီဥပဒေဟာ ကိုယ့်နိုင်ငံကို အကာအကွယ်ပေးထားတဲ့ သဘောတွေ့ပါတယ်။ ပညာရှင်တွေနဲ့ အတော်အချိန်ယူပြီးတော့ ရေးဆွဲထားတဲ့ဥပဒေလို့ သိထားတယ်။ နော်ဝေနိုင်ငံလိုမျိုးမှာတောင် ၇ နှစ်နေရင် နိုင်ငံသားဖြစ်ခွင့်ပြုတဲ့ ပုံစံမျိုးတွေ့ရတယ်။ ဒါပေမယ့် တနိုင်ငံနဲ့တနိုင်ငံ အခြေအနေချင်း မတူပါဘူး။ ကျနော်တို့နိုင်ငံက နောက်ခံသမိုင်းကြောင်း၊ လက်ရှိ ပကတိအခြေအနေ၊ လူဦးရေ ဒါတွေနဲ့တော့ နော်ဝေနဲ့တော့ မတူတာအမှန်ပါ။ ကိုယ့်နိုင်ငံကို အကာအကွယ်ပေးဖို့ လုပ်ထားတယ်လို့ ယူဆပါတယ်။ ပြင်ဖို့ မပြင်ဖို့ကတော့ အစိုးရက အစီအစဉ်မရှိဘူး။ သို့သော် လွှတ်တော်ထဲမှာ ဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်လိုသဘောထားရှိလဲ မသိပါဘူး။”

သာမန်လူထုတွေကြားထဲမှာပြောနေကြတယ်။ တိုင်းပြည်ကပြောင်းလဲနေပြီ။ ဒီမိုကရေစီ လမ်းကြောင်းကို သွားနေတယ် ပြောနေတယ်။ လူထုဘ၀ကတော့ စားဝတ်နေရေး မပြေလည်သေးဘူး။ ဒုံရင်း ဒုံရင်းပဲလို့ ပြောနေပါတယ်။ လူထုကတော့ အားမလိုအားမရရှိနေတုန်း၊ လေသံတွေ ကြားနေရတယ်။ ဒီကိစ္စကိုရော ဘယ်လိုရှင်းပြလို့ရမလဲ။

“မှန်ပါတယ်။ ပြုပြင်ပြောင်းလဲရေးကာလကလည်း အစိုးရသက်တမ်းကလည်း ၂ နှစ်အတွင်းပဲ ရှိပါသေးတယ်။ တချို့အပြောင်းအလဲတွေကလည်း သိသာမြင်သာတဲ့အပြောင်းအလဲတွေလည်း ရှိပါတယ်။ ကျနော်တို့လည်း အစိုးရအဖွဲ့ကိုလည်း မကြာခဏပြောတယ်။ ပြည်သူလူထုအနေနဲ့လည်း ဒီကနေ့အထိ သိသာမြင်သာတဲ့ အပြောင်းအလဲတွေ မရှိသေးဘူးဆိုတာ ပြည်သူလူထုအတွင်း ဝေဖန်ပြောကြားနေတာ အမှန်ဖြစ်တယ်။ သို့သော်လည်း တချို့ကိစ္စတွေ ဥပမာ မော်တော်ကားလိုကိစ္စတွေ ကျနော်တို့ ပြုပြင်ပြောင်းလဲပေးလိုက်လို့ ဒီကနေ့ သာမန်လူတန်းစားဟာ မော်တော်ကား ၀ယ်စီးနိုင်တဲ့အနေအထား ရှိနေပါပြီ။ အဲတော့ နိစ္စဓူဝ ပြည်သူလူထု တွေ့ကြုံနေရတဲ့ လျှပ်စစ်မီးလို၊ သွားရေးလာရေး ကိစ္စတွေ ဒါတွေလည်း အဆင်မပြေသေးတာ အမှန်ပဲ။ အဲတော့ ဒါတွေကိုလည်း အဓိကထား ကြိုးပမ်းပြီး လုပ်ဆောင်နေတဲ့ အနေအထားရှိပါတယ်။ အစိုးရအနေနဲ့ ဒါတွေနဲ့ပတ်သက်ပြီး ရပ်နေတာမရှိပါဘူး။ ဒါတွေနဲ့ ပတ်သက်လို့ ကြိုးပမ်းကြံဆနေတယ်။ သို့သော်လည်း ပြည်သူလူထု အလုပ်အကိုင်အခွင့်အလမ်းတွေရဖို့ကလည်း အဓိကကျပါတယ်။ အလုပ်အကိုင်ရရင် ၀င်ငွေရလာမယ်။ အဲတော့မှ စားနိုင်သောက်နိုင်မယ်၊ ကလေးတွေကျောင်းထားနိုင်မယ်။ စီးပွားရေးတိုးတက်မယ်။ အလုပ်အကိုင်ရဖို့ကျတော့ ဘာနဲ့ချိတ်ဆက်နေလဲဆိုတော့ အရင်းအနှီးရဖို့လိုတယ်။ နည်းပညာပိုင်းလိုတယ်။ အရင်းအနှီးနဲ့ နည်းပညာပိုင်းတွေဆိုတာလည်း ကျနော်တို့မှာ ပြည့်ပြည့်၀၀မရှိပါဘူး။ တနွယ်ငင်တစင်ပါဆိုသလို တခုမဟုတ်တခုနဲ့ ချိတ်ဆက်နေတာလေ။ ဘာလို့လဲဆိုတော့ စီးပွားရေးပိတ်ဆို့မှုတွေနှစ် ၂၀ ကျော် ခံထားရတော့ တိုင်းပြည်က နာလန်မထူနိုင်အောင်ဖြစ်နေတယ်။ ဒါကြောင့် အရင်းအနှီးတွေ အမြန်ဆုံးဝင်ရောက်လာအောင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေကို အမြန်ဆုံး ဖော်ဆောင်နိုင်အောင် ကြိုးပမ်းတာ ဥပဒေလည်း အတည်ဖြစ်သွားပြီ။ အဲတော့ ရင်းနှီးမြှုပ်နှံမှုအဖွဲ့တွေကလည်း မြန်မာနိုင်ငံကိုလာဖို့ တာစူနေကြပါပြီ။ နောက်ဒါနဲ့ချိတ်ဆက်နေတာက စီးပွားရေးပိတ်ဆို့မှုတွေပေါ့လေ။ ကိုယ့်နိုင်ငံမှာလာပြီး ကုန်ပစ္စည်းတွေ ဘယ်လောက်ထုတ်ထုတ် ဒီအပေါ်မှာ ကန့်သတ်ချုပ်ချယ် တားဆီးထားတဲ့၊ ငွေကြေးနဲ့ပတ်သက်ပြီး လွှဲပြောင်းလို့မရအောင် လုပ်ထားတဲ့အတွက် ဘယ်သူမှလာပြီး ရင်းနှီးမှာမဟုတ်ပါဘူး။ အဲတော့ စီးပွားရေး ပိတ်ဆို့တားဆီးမှုတွေနဲ့ပတ်သက်လို့လည်း အတတ်နိုင်ဆုံး လျှော့ပေါ့ပေးနိုင်အောင် နိုင်ငံအားလုံးနဲ့ သင့်တင့်ရင်းနှီးအောင် ဆက်ဆံလာခဲ့လိုက်တော့ ဒီနေ့ဆိုရင် အမေရိကန်လည်း ဖြေလျှော့ပေးတာ၊ အီးယူကလည်း ဖြေလျှော့ပေးတာရှိလာပြီ။ နောက် ထုတ်ကုန်တွေအပေါ် အကျိုးခံစားခွင့်(ဂျီအက်စ်ပီ) စနစ်တို့ကိုလည်း အီးယူက ဒီခရီးစဉ်အတွင်းမှာ သူတို့နဲ့ ထိတွေ့ပြောကြားပြီး မကြာခင် ဒီအခွင့်အရေးပေးမယ်လို့ ထင်ပါတယ်။ ဒါတွေအဆင်ပြေသွားရင်တော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု၊ အလုပ်ရုံစက်ရုံတွေ ပေါ်လာမှာပါ။ ဒါဆိုရင် နိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ရလာမှာပါ။ အလုပ်တွေရကြရင်တော့ ၀င်ငွေတွေရလာပြီး သူတို့ရဲ့ စားဝတ်နေရေး၊ ပညာသင်ကြားရေး၊ ကျန်းမာရေး ဒါတွေကလည်း တဖြည်းဖြည်း တိုးတက်လာမှာပါ။ လျှပ်စစ်မီးနဲ့ပတ်သက်လို့လည်း နည်းမျိုးစုံနဲ့ ကြိုးစားလုပ်နေပါတယ်။ သွားရေးလာရေးမှာလည်း ရန်ကုန်မြို့မှာ လမ်းတွေကြပ်လာတယ်၊ ကားတွေများလာတယ်။ ဒါကြောင့် လမ်းတွေချဲ့တာ၊ ခုံးကျော်တံတား ဆောက်တာ၊ အများသူငါ စီးနိုင် အသုံးပြုနိုင်တဲ့ ဘတ်စ်ကားလိုမျိုး ဦးစားပေးတင်သွင်းခိုင်းတယ်။ ကျနော်တို့လည်း ဒါကို အဓိက ဦးတည်ပြီး ပြည်သူလူထုတဦးချင်း သိသိသာသာခံစားနိုင်အောင် အဓိကထား ကြိုးစားနေတယ်။”

“တချို့ကိစ္စတွေကတော့ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှာ ဒီ ၂၀၁၃ အတွင်းမှာတောင် တချို့ကိစ္စတွေ ၂၀၁၃ မှာတောင် တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ တယ်လီဖုန်းကိစ္စတွေလည်း ကိုင်တွယ်နေပါတယ်။”

သမ္မတ မိန့်ခွန်းမှာလည်း မကြာခဏကြားရပါတယ်။ သတင်းမီဒီယာကို စတုတ္ထမဏ္ဍိုင်အဖြစ် သတ်မှတ်ပြီး သတင်းမီဒီယာလွတ်လပ်ခွင့် ပေးဖို့။ ဟိုးအရင်က အစဉ်အလာမရှိခဲ့တဲ့ သမ္မတအပါအ၀င် ၀န်ကြီးတွေကပါ မီဒီယာတွေနဲ့ထိတွေ့ပြီး ပြောဆိုတာလည်း တွေ့ရတယ်။ အဲတော့ မြန်မာနိုင်ငံရဲ့ မီဒီယာပြုပြင်ပြောင်းလဲမှုက ဘယ်လောက် ခရီးရောက်နေပါပြီလဲ။ ရည်မှန်းချက်ရောက်နေပြီလား။ တ၀က်လောက်မှာရှိလား။ ဘယ်လောက်အထိဆက်လုပ်ဖို့ အစီအစဉ်ရှိလဲ။

“မီဒီယာနဲ့ပတ်သက်လို့ လွတ်လပ်မှုတွေ အများကြီးပေးထားတာ ရှိတယ်။ ဟိုတုန်းကနဲ့ မတူဘူး။ ဘာတခုမှ ချုပ်ချယ်တာမရှိတော့ဘူး။ အဖွဲ့အစည်းတွေဖွဲ့စည်းပေးတယ်။ ဒီအဖွဲ့အစည်းကပဲ မီဒီယာနဲ့ပတ်သက်ပြီး ထိန်းကျောင်းဖို့တွေ လုပ်ထားတယ်။ ချုပ်ချယ်မှုအပိုင်းတွေ မရှိသလောက်ပါပဲ။ အကုန်ဖြေလျှော့ပေးလိုက်ပြီ။ တခုပါပဲ မီဒီယာဆိုတာက တကယ်ပဲ နိုင်ငံတနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်မတန်အရေးကြီးတယ်။ ဒီမိုကရေစီပြောင်းလဲတဲ့အခါမှာလည်း မီဒီယာအခန်းကဏ္ဍက အရေးပါတယ်။ နှစ်ခုပါပဲ။ တခုက အစိုးရရဲ့ အားနည်းချက်တွေ တခြားအားနည်းချက်တွေကို မီဒီယာကထောက်ပြဖို့လိုတယ်။ တချို့ကိစ္စတွေကျတော့လည်း ပြည်သူကို မှန်ကန်တဲ့အသိတွေ ပေးဖို့လိုတယ်။ လွတ်လပ်မှုတွေလည်း ရှိလာပြီဆိုတော့ လွတ်လပ်မှုနဲ့အတူ တာဝန်ယူမှု၊ တာဝန်သိမှုတွေ ဒါတွေပါရှိလာမယ်ဆိုရင် မီဒီယာကဏ္ဍက လက်ရှိအနေအထားထက် ပိုတိုးတက်လာမယ်လို့ ပြောချင်ပါတယ်။”

နောက်ဆုံးအနေနဲ့ မေးချင်တာက ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတအနေနဲ့ ပြန်ရွေးခံမလား၊ မရွေးခံဘူးလား။ အရင်တုန်းကတော့ နားမယ်ဆိုတဲ့ သတင်းလည်း ကြားရတယ်။ ပြီးတော့မှ ကြံ့ခိုင်ရေးပါတီ ညီလာခံပြီးတဲ့အချိန်မှာ ပြည်သူတွေက တာဝန်ပေးရင် ပြန်အရွေးခံမယ်ဆိုတဲ့ သတင်းမျိုးလည်း ကြားရပါတယ်။ အဲတော့ လာမယ့်သမ္မတ သက်တမ်းမှာ သမ္မတအနေနဲ့ အရွေးခံဖို့၊ မခံဖို့ ဘယ်လိုများ မှတ်ချက်ပေးလို့ရမလဲ။

“ဒီကိစ္စနဲ့ပတ်သက်ပြီး အရင်ကလည်း မကြာမကြာ မေးခဲ့ဖူးကြပါတယ်။ ဖြေခဲ့ဖူးတာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကျနော့်ရဲ့ သဘောဆန္ဒအရရော၊ ကျနော့်ရဲ့ အသက်အရွယ်အရရော၊ ကျန်းမာရေးအခြေအနေရော ကျနော်ကတော့ နားချင်တာပါ။ သို့သော်လည်း တိုင်းပြည်ရဲ့ အခြေအနေ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျနော်တို့ တွက်လို့မရဘူး။ အနာဂတ်ကို ကျနော်တို့ မျှော်မှန်းလို့မရဘူး။ တိုင်းပြည်မှာ ပြည်သူလူထုရဲ့ဆန္ဒ ဘယ်လိုရှိသလဲဆိုတဲ့အပေါ်မှာလည်း မူတည်ပါတယ်။ ကျနော့်ရဲ့ပင်ကိုယ်အရဆိုရင်တော့ နားဖို့ စိတ်ကူးထားတယ်။ ဒါပေမယ့် ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေပေါ် မူတည်ပြီး ကျနော် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။”

ဖြည့်စွက်ပြီးတော့ ပြည်သူအတွက် သတင်းစကားပြောချင်တာရှိရင် ပြောပေးပါခင်ဗျ။

“အခုလို ခင်ဗျားတို့နဲ့ မေးမြန်းခွင့် ရတာလည်း အများကြီး ကျေးဇူးတင်ပါတယ်။ ဘာပဲဖြစ်ဖြစ် နိုင်ငံခြားမှာ ရှိနေပေမယ့် ခင်ဗျားတို့ဟာ ကိုယ့်နိုင်ငံသားတွေ ဖြစ်ပါတယ်။ နိုင်ငံသားတွေဖြစ်တဲ့အတွက် ကျနော်တို့မှာလည်း ကိုယ့်နိုင်ငံသားဆိုတဲ့ သံဃောဇဉ်နဲ့ အခုလို လာရောက်တဲ့အချိန်မှာ တွေ့ချင်တာပါ ပါတယ်။ ဒါကြောင့်မို့လို့လည်း ကျနော် ညနေက ခင်ဗျားတို့ရဲ့ မြန်မာအသိုင်းအ၀ိုင်းတွေနဲ့ တွေ့တာပါ။ ခင်ဗျားဆိုရင်လည်း ဒီနေ့ တနေကုန် တော်တော်ပင်ပန်းမှာပဲ။ ဒါပေမယ့် ကိုယ့်နိုင်ငံသားလည်းဖြစ်နေတယ်၊ တာဝန်လည်း ရှိတယ်ဆိုပြီး ကျနော်လာပြီးတော့ တွေ့တာဖြစ်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013