DVB Logo
Home
မြန်မာသတင်း
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်သူများအသက်ဆုံးရှုံးနေသည့်အပေါ် စာနာကြောင်း မြန်မာသမ္မတ သဝဏ်လွှာပေးပို့
DVB
·
February 4, 2020
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်သူများအသက်ဆုံးရှုံးနေသည့်အပေါ် စာနာကြောင်း မြန်မာသမ္မတ သဝဏ်လွှာပေးပို့
Donate to DVB

လတ်တလောဝူဟန်မြို့မှာ စတင်ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်ပြည်သူတွေ အသက်ဆုံးရှုံးနေတဲ့အပေါ်  စာနာထောက်ထားကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံက တရုတ် သမ္မတ ရှီကျင့်ဖျင် ဆီကို သဝဏ်လွှာပေးပို့လိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အဆင့်မြင့်ကျန်းမာရေးဆိုင်ရာ နည်းပညာတွေ ပိုင်ဆိုင်ထားတဲ့အတွက် ရောဂါကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ဆက်လက်မပြန့်ပွားရေးကို အမြန်ဆုံး အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ သမ္မတ ရှီကျင့်ဖျင်ရဲ့ ဦးဆောင်မှုအောက်မှာ တရုတ် ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းပါဝင်မှုများကြောင့် လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားသွားနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း မြန်မာသမ္မတက ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း အခက်အခဲကို ဖြေရှင်းဖို့ နည်းလမ်းရှာရာမှာ တရုတ်နိုင်ငံနဲ့အတူ လက်တွဲဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံ ဟူးဘေးပြည်နယ်တွင်း ဖေဖော်ဝါရီ ၃ ရက်က ၆၄ ယောက် သေဆုံးခဲ့လို့ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းအထိ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ  သေဆုံးသူ စုစုပေါင်းဟာ ၄၂၇ ယောက်ထိတိုးလာပြီး ရောဂါကူးစက်ခံရသူပေါင်း ၂၀၆၂၆ ဦးအထိ အတည်ပြုထားပါတယ်။ 

တရုတ်ပြည်ပြင်ပမှာတော့ ဂျပန်နိုင်ငံမှာက အယောက် ၂၀ နဲ့ ဒုတိယအများဆုံး အတည်ပြုထားသလို ထိုင်းနိုင်ငံမှာတော့ ၁၉ ယောက်နဲ့ တတိယအများဆုံး ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က နိုင်ငံတကာအရေးပေါ်အခြေအနေအဖြစ်ကြေညာထားတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါဟာ အခုဆိုရင် နိုင်ငံပေါင်း ၂၇ နိုင်ငံကို ပျံ့နှံ့နေပြီး  တရုတ်ပြည်ပြင်ပ ဖိလစ်ပိုင်နိုင်ငံမှာ လူ ၁ ဦးသေဆုံးထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ မရှိသေးပေမယ့် ရန်ကုန်၊ နေပြည်တော်၊ လွိုင်ကော်၊ မင်းပြား၊ တောင်ကြီး၊ ကျိုင်းတုံ၊ နမ္မတူမြို့တွေမှာ သံသယလူနာနဲ့ စောင့်ကြည့်လူနာတချို့ ရှိနေကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ ဝူဟန်မြို့မှာ ပိတ်မိနေခဲ့တဲ့ မြန်မာကျောင်းသူကျောင်းသား ၅၉ ယောက်ကိုလည်း မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ သီးခြားထားရှိပြီး အားလုံး ကျန်းမာရေးကောင်းမွန်နေတယ်လို့ ကျောင်းသားတွေက ဒီဗွီဘီကို ပြောကြားထားပါတယ်။

ဓာတ်ပုံ-  သမ္မတရုံး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013