DVB Logo
Home
Lead Story
“အကုန်လုံးကျန်းမာရေး ကောင်းနေသေးတယ်။” ဝူဟန်ပြန် မြန်မာကျောင်းသားနှင့် မေးမြန်းချက် 
DVB
·
February 3, 2020
“အကုန်လုံးကျန်းမာရေး ကောင်းနေသေးတယ်။” ဝူဟန်ပြန် မြန်မာကျောင်းသားနှင့် မေးမြန်းချက် 
Donate to DVB

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ အစိုးရရဲ့ အစီအစဉ်နဲ့ ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ ကျောင်းသူကျောင်းသား ၅၉ ဦးကို  မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံမှာ သီတင်း နှစ်ပတ်ကြာ သီးသန့်ထားရှိပြီး ကျန်းမာရေးအခြေအနေ စောင့်ကြည့်ပေးနေပါတယ်။

အဆိုပါကျောင်းသားတွေရဲ့ အခြေအနေကို သိရဖို့ ကန်တော်နဒီဆေးရုံမှာ စောင့်ရှောက်ခံနေရတဲ့ မြန်မာကျောင်းသားတွေထဲက တဦးဖြစ်တဲ့ ကိုစည်သူထွန်းကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေး - ကိုစည်သူတို့ ပြန်လာတဲ့နေ့မှာ ဝူဟန်မြို့ရဲ့ နောက်ဆုံးအခြေအနေကို ဘယ်လို မြင်တွေ့ခဲ့ရသလဲ။

“တချို့နေရာတွေမှာ ကားအနည်းငယ် ပြန်တွေ့ရတယ်။ တစီး၊ နှစ်စီးတော့ သွားနေတာမျိုး တွေ့ရတယ်။ တော်တော်များများ နေရာတွေမှာတော့ လမ်းတွေအကုန်လုံး ရှင်းနေတယ်။ ကျနော်တို့ ပြန်လာတဲ့နေ့အထိ ခြောက်ကပ်နေတုန်းပါပဲ။”

မေး - ဝူဟန်မြို့ကနေ မန္တလေးကို ပြန်လာတဲ့ ခရီးစဉ်တလျှောက်မှာ ကျန်းမာရေး စစ်ဆေးမှုတွေ အဆင့်ဆင့် ဘယ်လို ဖြတ်သန်းခဲ့ရသလဲ၊ ဘာတွေ ထူးခြားတာ တွေ့ခဲ့သလဲ။”

“ကျောင်းက အဆောင်ထဲကနေ ကျနော်တို့ ထွက်ကြတယ်။ သံရုံးက စီစဉ်ပေးတဲ့ ဘတ်စ်ကားကြီးတွေနဲ့ နီးစပ်ရာ ကျောင်းတွေ နှစ်ကျောင်း၊ သုံးကျောင်းလောက် စုပြီး လေဆိပ်ကို သွားကြတယ်။ လေဆိပ်ရောက်တဲ့အချိန်မှာ ကျနော်တို့နိုင်ငံတင်မဟုတ်ဘဲ တခြား နိုင်ငံတွေလည်း ပြန်နေကြတယ်။ လေဆိပ်ရောက်တဲ့အချိန်မှာ ဘတ်စ်တွေကိုတော့ သံရုံးက ဝန်ထမ်းအစ်ကိုကပဲ ဦးဆောင်ပြီး လုပ်ပေးတာပါ။ လဝက ဖြတ်တာတွေကတော့ ထုံးစံအတိုင်းပဲ။ ဒါကတော့ အရေးပေါ်အခြေအနေလည်း ကြေညာထားတယ်။”

 “ပြည်ပကနေ သူတို့နိုင်ငံထဲကနေ ထွက်မယ်ဆိုတာကို တကယ် ကျန်းမာရေးကောင်းမွန်မှဘဲ သူတို့ စစ်တာဖြစ်တဲ့အတွက် အပူချိန်တိုင်းတာတွေ အဲဒီလိုမျိုးတွေ လုပ်ပါတယ်။ အပူချိန်တိုင်းတာက တရုတ်ဘက်ကလည်း တခေါက် တိုင်းတယ်။ Scan ဖတ်တယ်။ လေယာဉ်ပေါ်စတက်တဲ့အချိန်ကတည်းက အကုန်လုံး လာကြိုတဲ့ Volunteer  ဆေးဝန်ထမ်းတွေ အကုန်လုံးက PPE (အကာအကွယ်ဝတ်စုံ) အပြည့်အစုံ ဝတ်ထားတယ်။ အပူချိန် နောက်တခေါက် ထပ်တိုင်းတယ်။ Safe ဖြစ်ပြီဆိုမှ လေယာဉ်ပေါ် လက်ခံတယ်။ မတက်ခင်မှာလည်း လက်ကို Hand Gel တွေနဲ့ သေချာဆေးရတယ်။”

 “လေယာဉ်ပေါ်ရောက်တဲ့အချိန်မှာ ဝန်ထမ်းအကုန်လုံးက PPE ဝတ်စုံတွေ ဝတ်ထားတယ်။ စာတန်းတွေနဲ့ ထိုင်လို့မရတဲ့ နေရာတွေကို ကာထားတယ်။ အလယ်မှာပဲ လူ ၆၀ စာ စာတန်းတွေ ကပ်ပြီးတော့ Assign Seat ဆိုပြီး စာတန်းတွေ ကပ်ထားတဲ့နေရာတွေမှာပဲ ကျနော်တို့ ထိုင်ရတယ်။ ဆင်းတဲ့အချိန်မှာလည်း အစိုးရဘက်က သေချာလေး ပြင်ပေးထားပါတယ်။ လေယာဉ်မောင်းတွေအကုန်လုံးကအစ ဝတ်တဲ့ PPE အဖြူဝတ်စုံတွေ သေချာဝတ်ပြီး ပို့တယ်။ ရောက်ပြီဆိုတာနဲ့ ကားတွေပေါ် တခါတည်း တန်းတက်။ ယာဉ်တန်းနဲ့အတူ ကန်တော်နဒီဆေးရုံကို တိုက်ရိုက်ချက်ချင်း ပို့တာပါ။”

မေး - မန္တလေး ကန်တော်နဒီဆေးရုံမှာ အခုလက်ရှိ ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးထားသလဲ။

ရောက်တဲ့အချိန်မှာ ခန္ဓာကိုယ်အပူချိန်ကို ထပ်တိုင်းတယ်။ အကုန်လုံး Normal Range ထဲ ဝင်ပြီဆိုမှ အခန်းတွေထဲကို ဝင်ရတာပါ။ တနေ့ကို နှစ်ကြိမ် ခန္ဓာကိုယ်အပူချိန် တိုင်းတယ်။ Abnormal Condition တခု တွေ့ရင် သူတို့ကို Inform လုပ်ပါဆိုပြီး ပြောထားတယ်။ အခုလောလောဆယ်တော့ ကျနော်တို့အကုန်လုံး ကျန်းမာရေး ကောင်းသေးတယ်။ ဘာမှ စိုးရိမ်စရာမရှိဘူး။ အကုန်လုံး အဆင်ပြေနေပါသေးတယ်။”

မေး - ကျောင်းသူ ကျောင်းသား ၅၉ ယောက်ကို အခုထားတဲ့ ကန်တော်နဒီဆေးရုံမှာ နေရေးထိုင်ရေး စားရေးသောက်ရေး ဘယ်လို ပြင်ဆင်ထားသလဲ၊ ဘယ်လို အခြေအနေ ရှိပါသလဲ။

“ပြင်ပေးထားတာတွေကတော့ တော်တော်လေးကို အဆင်ပြေတယ်။ လှူဒါန်းထားတဲ့ အလှူရှင်တွေလည်း အများကြီးရှိတော့ စားတာ သောက်တာလည်း အားရှိအောင်၊ အာဟာရ ပြည့်အောင် သေချာစီစဉ်ပေးပြီး ကျွေးနေတယ်။ နေရေးထိုင်ရေးနဲ့ပတ်သက်ပြီးတော့လည်း လိုအပ်တာတွေ အကုန်လုံးကို မြို့တော်ဝန်က ဦးဆောင်ပြီးတော့ လုပ်ပေးနေတဲ့အတွက် တော်တော်လေး ပြည့်စုံပါတယ်။”

မေး - အခုလို ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်တခုလုံးအပေါ်မှာ ကိုစည်သူ့စိတ်ထဲ ဘယ်လို ခံစားမိပါသလဲ။

“အခုလိုမျိုး ပြန်ခေါ်ပေးတဲ့အတွက် အရင်ဆုံး ပြောချင်တာက အစိုးရအဖွဲ့ရော၊ တာဝန်ရှိတဲ့သူတွေရော ကျေးဇူးတင်ပါတယ်။ ကျနော်တို့အကုန်လုံးက တော်တော်လေး ဝမ်းသာနေကြတယ်။ ပိုပြီးတော့လည်း ဒီမှာ Safe ဖြစ်တယ်လို့ ခံစားရတယ်။ ဟိုမှာကတော့ တကယ် Outbreak ဖြစ်နေတဲ့မြို့။ နေ့စဉ်နဲ့အမျှလည်း သေတဲ့သူဦးရေ၊ ကူးစက်ခံရတဲ့ဦးရေ မြင့်တက်လာတယ်။ အပြင်ထွက်ရင်တောင် ကျနော်တို့က ကူးစက်ခံရမှာ စိုးရိမ်နေရတဲ့ အခြေအနေပေါ့။ အဲဒီအခြေအနေကနေ ကျနော်တို့ လွတ်မြောက်လာတယ်။ ဒီမှာလည်း ကျနော်တို့အကုန်လုံးကို ကောင်းကောင်းမွန်မွန်ထားကြတယ်။ ကျနော်တို့ ကျန်းမာရေးတွေ အကုန်လုံးလည်း ကောင်းနေသေးတဲ့အတွက် ပိုပြီးဝမ်းသာနေကြတယ်။ ဒီရောက်လာတဲ့ ခံစားချက်ကတော့ တော်တော်လေး ပျော်မိတယ်။ အခုလိုမျိုး ပြန်ခေါ်ပေးတဲ့အတွက် ကျေးဇူးလည်း တင်ပါတယ်။”

မေး - ၁၄ ရက် နှစ်ပတ်တာ သီးသန့်ခွဲပြီး ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေတဲ့ မြန်မာ ကျောင်းသားတယောက်အနေနဲ့ အပြင်ကလူတွေကို တခြား ဘာများပြောစရာရှိပါသလဲ။

“လောလောဆယ်တော့ မရှိပါဘူး။ အကုန်လုံးလည်း စောင့်ကြည့်နေကြတာဆိုတော့ စိုးရိမ်နေသလိုမျိုး ကျနော်တို့ဆီက ဗိုင်းရပ်စ် ပြန့်တာမျိုးက မဖြစ်နိုင်သလောက် နည်းနေပြီပေါ့။ အခုလည်း နှစ်ရက်ရှိသွားပြီ။ အကုန်လုံးလည်း ကျန်းမာရေး ကောင်းနေသေးတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013