ကျောက်တော်မြို့တွင် ပစ်ခတ်မှုဖြစ် ၁ ဦးသေ ၃ ဦးဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်လို့ အမျိုးသမီး တဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ကျောက်တော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်နဲ့ လူမှု ကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကိုပြောပါတယ်။
ဇန်နဝါရီ ၃ ရက် မနက် ၈ နာရီဝန်းကျင်လောက်က ကျောက်တော်မြို့ စိုက်ပျိုးရေးသိပ္ပံကျောင်းအနားကံထူးရှင်ဘုရားနားမှာ မိုင်းသုံးလုံးပေါက်ကွဲပြီးနောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာလို့ ကျောက်တော်မြို့ဒေသခံတွေကပြောပါတယ်။
ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတအသင်းဥက္ကဋ္ဌ ဦးညီပုက “ကံကြီးရှင်ဝိုင်းနားမှာ မိုင်းသုံးလုံးပေါက်တယ်။ အဲ့ဒီနောက်မှာ တပ်မတော်ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်တယ်။ အဲ့ဒီမှာ ပိုက်သည်ရပ်ကွက် မိန်းကလေးတယောက် နေရာမှာပဲသေတယ်။ ပြီးတော့ ပြည်တော်သာက တယောက်ဒဏ်ရာရတယ်။ နောက်တယောက်ကတော့ စည်ပင်ကား အမှိုက်သိမ်း နေတဲ့ ကောင်းလေးက လက်နက်ကျည်ထိတယ်။ ယောက်ျား သုံးယောက်ဒဏ်ရာရတယ်။ မိန်းကလေး တယောက်သေတယ်။”
အခုကိစ္စနဲ့ပတ်သက်လို့ အနောက်ပိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းပြန်လည်ဖြေဆိုတာ မရှိပါဘူး။
ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က “ပစ်ခတ်မှု ဖြစ်လို့ တယောက်သေတယ်။ သုံးယောက်ထိခိုက် ဒဏ်ရာရတယ်။ မြန်မာ့ တပ်မတော်ဘက်ကလည်း သူတို့ လုံခြုံရေးအရဆိုပြီးတော့ မြို့အနီးပတ်ဝန်ကျင်၊ မြို့ထဲတွေမှာ နေတာတွေ ရှိတယ်။ သာသနိက အဆောက်အဦနေရာမျိုးတွေ၊ ပညာရေးနဲ့ ပတ်သက်တဲ့ စာသင်ကျောင်းတွေ အဲ့လို နေရာမျိုးနေရာတွေ လာနေတာတွေရှိတယ်။ အခုလည်း ကံကြီးရှင်ဘုရားမှာသူတို့ စခန်းချပြီး နေတယ်။
ဒဏ်ရာရရှိခဲ့တဲ့အမျိုးသား သုံးယောက်ထဲမှာ တယောက်က ကျားအင်္ဂါနဲ့ ဆီးခုံကို ထိသွားတာကြောင့် ဒဏ်ရာပြင်းထန်လို့ စစ်တွေပြည်သူ့ ဆေးရုံကို အရေးပေါ် ပို့ဆောင်လိုက်ရတယ်လို့ ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
ပစ်ခတ်မှုဖြစ်လို့သေဆုံးသွားတဲ့ အမျိုးသမီးကတော့ ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မက မအေးအေးခိုင် ၂၄ နှစ် ဖြစ်ပြီး အခုလိုပစ်ခတ်မှုတွေ ဖြစ်ပွားပြီးနောက် ကျောက်တော်မြို့ဒေသခံတွေက စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။











