DVB Logo
Home
မြန်မာသတင်း
“သွေးချင်း”ဆိုသည့်အနက် ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်
DVB
·
February 2, 2020
“သွေးချင်း”ဆိုသည့်အနက် ဒေါ်အောင်ဆန်းစုကြည် ထုတ်ဖော်
Donate to DVB

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူအားလုံးရဲ့ စိတ်ထဲက သဘောချင်း တူညီမှ၊ တစိတ်တည်းတဝမ်းတည်းဖြစ်မှ တကယ့် “သွေးချင်း” လို့ ခေါ်နိုင်မယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည့်က အနက်ဖွင့်ဆိုလိုက်ပါတယ်။

ဇန်နဝါရီ ၁ ရက် ညနေပိုင်းက ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်းမှာ ကျင်းပတဲ့ “သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၀” ဖွင့်ပွဲ အခမ်းအနားမှာ အခုလို အသိပေး ပြောဆိုလိုက်တာပါ။

“သွေးချင်းလို့ ဆိုတဲ့အခါမှာ တူညီတဲ့သွေး၊ တူညီတဲ့သွေးဆိုတာ တကယ်တော့ သွေးကြောတွေထဲမှာ စီးဆင်းနေတဲ့ သွေးတွေကို ပြောတာ မဟုတ်ပါဘူး။ ကျမတို့ စိတ်ထဲကနေ စီးဆင်းနေတဲ့သွေးကို ပြောတာပါ။ ဆိုလိုချင်တာဟာ စိတ်ထဲက သဘောချင်းဟာ တူညီမှ၊ တစိတ်တည်း တဝမ်းတည်း ဖြစ်မှ တကယ့်သွေးရင်းတွေ ဖြစ်နိုင်မှာပါ။ အကြောထဲမှာ စီးဆင်းနေတဲ့သွေးက ဘယ်လိုပဲတူတူ တစိတ်တည်း တဝမ်းတည်း မဟုတ်ဘူးဆိုရင် ကျမတို့ကိုယ်ကျမတို့ သွေးချင်းလို့ ခေါ်နိုင်မှာ မဟုတ်ပါဘူး။”

အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ထောင်စုအတွင်းမှာ မတူညီတဲ့ လူမျိုး၊ မတူတဲ့ဘာသာစကား၊ မတူတဲ့ ကိုးကွယ်မှုတွေ ရှိပေမယ့် စည်းလုံးညီညွတ်စွာ နေရေးကို ဦးတည်ကြရမှာ ဖြစ်တဲ့အပြင် အားလုံးဟာ ပြည်ထောင်စုသားချင်းများ ဖြစ်တာနဲ့အညီ ဒီပြည်ထောင်စု၊ ဒီမြေ၊ ဒီရေကို ချစ်မြတ်နိုးပြီး ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ တိုးတက်ဖွံ့ဖြိုးမှုနဲ့ သာယာခိုင်မာတဲ့ ပြည်ထောင်စုတခု တည်ဆောက်ရေးကို တန်ဖိုးထားကြဖို့ အင်မတန်အရေးကြီးတယ်လို့ ဆက်လက်သတိပေး ပြောဆိုခဲ့ပါတယ်။ 

“တိုင်းရင်းသားညီအစ်ကိုမောင်နှများနဲ့ စုစည်းပြီးတော့ ပြည်ထောင်စုမှာ ငြိမ်းချမ်းရေးရဖို့  ကြိုးစားမှုကိုလည်း ဝိုင်းဝန်းပြီးတော့ ကူညီကြပါ၊ ထောက်ခံကြပါ”လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က မေတ္တာရပ်ခံခဲ့ပါတယ်။ 

အရောင်အသွေးစုံ တိုင်းရင်းသားတွေ ပေါင်းစုပြီး တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ဖို့ တဖက်တလမ်းက အထောက်အကူဖြစ်စေမယ့် ဒီလိုပွဲတော်ကို ကျင်းပကြတာ အင်မတန်မှ သင့်တော်အားရစရာ ဖြစ်ပါတယ်လို့ ဖွင့်ပွဲအခမ်းအနားမှာ မှတ်ချက်ပြုခဲ့ပါတယ်။

ဇန်နဝါရီ ၁ ရက်ကနေ ၇ ရက်အထိ ကျင်းပမယ့် အခုပွဲတော်ဟာ မြန်မာနိုင်ငံရဲ့ တောတောင်ရေမြေအလှနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ တန်ဖိုးထား ထိန်းသိမ်းလာစေဖို့၊ တိုင်းရင်းသားများရဲ့ ရိုးရာအဝတ်အထည်တွေ၊ ဒေသထွက်ကုန်တွေကို နိုင်ငံတွင်းသာမက တခြားနိုင်ငံတွေမှာပါ သိရှိပြီး နိုင်ငံတကာ ဈေးကွက်တွေဆီကို တင်ပို့နိုင်ဖို့နဲ့ ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်မယ် စတဲ့ ရည်ရွယ်ချက်တွေနဲ့ တိုင်းရင်းသားလူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ကျင်းပနေတာပါ။  

“သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၀” ဖွင့်ပွဲ အခမ်းအနားကို အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အတူ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးတွေ၊ သံရုံး တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက ဌာနေကိုယ်စားလှယ်တွေ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းနဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတွေက ဥက္ကဋ္ဌတွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013