DVB Logo
Home
မေးမြန်းခန်း
နော်ဝေရောက် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမေးမြန်းချက် ၁
DVB
·
February 28, 2013
နော်ဝေရောက် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံမေးမြန်းချက် ၁
1 / 4
Donate to DVB

ဥရောပ ၅ နိုင်ငံခရီးစဉ်အဖြစ် သမ္မတ ဦးသိန်းစိန်ဟာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က နော်ဝေနိုင်ငံကို ရောက်ရှိနေပါတယ်။ သမ္မတရဲ့ ခရီးစဉ်အခြေအနေ၊ အငြင်းပွားနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ၊ ရင်းနှီးမြှုပ်နှံမှုကိစ္စ၊ လက်နက်ကိုင်ပဋိပက္ခ စတဲ့အခြေအနေတွေနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ်မြန်မာ့အသံ ဒု-ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ တွေ့ဆုံမေးမြန်းထားပါတယ်။

[caption id="attachment_36980" align="alignleft" width="150" caption="ဦးခင်မောင်ဝင်း"][/caption]

ဥရောပခရီးစဉ် ၅ နိုင်ငံထဲကမှ ဘာကြောင့် နော်ဝေနိုင်ငံကို ပထမဆုံး ခရီးအနေနဲ့ ရွေးရသလဲဆိုတာ ရှင်းပြပေးပါ။

[caption id="attachment_36982" align="alignright" width="150" caption="ဦးသိန်းစိန်"][/caption]

“ပထမနော်ဝေ၊ ဖင်လန်၊ ဩစတြီးယား၊ ဘယ်လ်ဂျီယံနဲ့ နောက်ဆုံးက အီတလီ။ ဒီ ၅ နိုင်ငံမှာမှာ နော်ဝေကို ဘာလို့ပထမဆုံးခရီးစဉ်အဖြစ်ရွေးရလဲဆိုတော့ နော်ဝေနိုင်ငံဟာ မြန်မာပြည်သူတွေနဲ့ ပတ်သက်ပြီး များစွာအကူအညီပေးခဲ့တဲ့ နိုင်ငံ။ သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ကိစ္စတွေ အင်းလေးကန်ထိန်းသိမ်းဖို့ ငွေကြေးစိုက်ထုတ်ပေးခဲ့တာတွေရှိတယ်။ နောက် ပညာရေး၊ ကျန်းမာရေးတို့နဲ့ ပတ်သက်ပြီး အကူအညီပေးတာတွေ ရှိပါတယ်။ နောက် ငြိမ်းချမ်းရေးရပြီးနောက်ပိုင်းမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဖို့အတွက် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးစင်တာ ဖွင့်ထားပါတယ်။ အလှူရှင်နိုင်ငံတွေ ရှာရာမှာလည်း နော်ဝေကနေ ကမကထလုပ် ဦးဆောင်ပြီးတော့မှ အလှူရှင်တွေရအောင် ၀ိုင်းဝန်းကြိုးပမ်းပေးတာတွေလည်း ရှိတယ်။ အထူးခြားဆုံးကတော့ မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် တင်ကျန်နေတဲ့ ကြွေးမြီတွေနဲ့ ပတ်သက်ပြီးတော့ ပဲရစ်ကလပ်နိုင်ငံတွေနဲ့ ကျနော်တို့ဆီက ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ လာရောက်တွေ့ဆုံတယ်။ ကြွေးမြီတွေ လျော်ရေးနဲ့ပတ်သက်လို့ ညှိနှိုင်းဆွေးနွေးကြတဲ့အခါ သူတို့ပေးနိုင်တဲ့ ရာခိုင်နှုန်းရယ် နောက်ထပ်ပေးဖို့လည်း သူတို့ဝန်လေးနေတာ တွေ့ရပါတယ်။ အဲအချိန်မှာ နော်ဝေနိုင်ငံက နေဦးဆောင်ပြီး ပထမဆုံး ၅၀ ရာခိုင်နှုန်း အရင်ဆုံးလျှော်ပေးတာအပြင် နောက်ထပ်တင်ရှိနေတဲ့အကြွေးထဲကနေ ၅၀ ရာခိုင်နှုန်း ရာနှုန်းပြည့်လျှော့လိုက်တဲ့အတွက် ကျန်တဲ့နိုင်ငံတွေကလည်း လိုက်လံလျှော့ပေးတာတွေ့ရတယ်။”

မနေ့ကသတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်အရ သံရုံးတွေဖွင့်တော့မယ်။ သံရုံးတွေဖွင့်ဖို့အလားအလာရော ဘယ်လိုရှိပါလဲ။ ဘယ်တော့လောက်ဖွင့်နိုင်မယ်ထင်ပါလဲ။

“မြန်မာပြည်မှာ နော်ဝေသံရုံးဖွင့်ပြီးပြီ။ နော်ေ၀၀န်ကြီးချုပ်ပဲ ခရီးစဉ်တခုမှာ လာရောက်ဖွင့်ပေးသွားတယ်။ သို့သော် သံအမတ်ထားတဲ့အဆင့်မရောက်သေးဘူး။ သံအမတ်လည်း မကြာခင်ထားဖို့ အစီအစဉ်ရှိပါတယ်။ ကျနော်တို့နိုင်ငံမှာ အင်္ဂလန်သံအမတ်ကနေတဆင့် တာဝန်ယူနေရပါတယ်။ နော်ဝေနဲ့ဆက်စပ်နေတဲ့ ဒိန်းမတ်၊ ဖင်လန်နဲ့ ဆွီဒင်တို့ ဒီ ၄ နိုင်ငံ သံအမတ်ထားဖို့ကို နော်ဝေမှာထားမယ်လို့ စဉ်းစားနေတဲ့အဆင့်ဖြစ်တယ်။ သေချာဆုံးဖြတ်ချက် မချရသေးဘူး။”

နော်ဝေကုမ္ပဏီတွေ စီးပွားရေးရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ မေးချင်ပါတယ်။ နော်ဝေကုမ္ပဏီတွေကို မြန်မာအစိုးရဘက်ကပဲ အထူးအခွင့်အရေးတွေပေးမလားဆိုတဲ့ စိုးရိမ်စိတ်၊ သံသယတွေရှိတယ်။ နော်ဝေကုမ္ပဏီတွေ စီးပွားရေးရင်းနှီးမြှုပ်နှံမှုအလားအလာ ဘယ်လိုရှိပါလဲ။

“ရင်းနှီးမြှုပ်နှံမှုအပိုင်းနဲ့ပတ်သက်လို့ ဥပဒေအတိုင်းပဲ ဆောင်ရွက်ရတာဖြစ်တယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေလည်း ထွက်ပြီးဖြစ်တယ်။ နော်ဝေမှ အခွင့်အရေးတိုးပေးတယ်ဆိုတာမျိုး မရှိပါဘူး။ ဥပဒေနဲ့အညီ အားလုံးက တန်းတူပဲလုပ်ကိုင်ကြရမှာ ဖြစ်ပါတယ်။”

နောက် အခြေခံဥပဒေပိုင်းပြင်ဆင်ရေးကိစ္စမေးချင်ပါတယ်။ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ အစိုးရပိုင်းကလည်းပြောတာ ကြားဖူးတယ်။ ၀န်ကြီး ဦးစိုးသိန်းဆိုလည်း အခြေခံဥပဒေပြင်သင့်တယ်ဆိုတာမျိုး ပြောဖူးတယ်။ အခြေခံဥပဒေပြင်ရေးနဲ့ပတ်သက်လို့  အစိုးရရဲ့ သဘောထားပေါ့။ အစိုးရက လွှတ်တော်ထဲအများဆုံးအနိုင်ရတဲ့ပါတီကလာတဲ့ ပုဂ္ဂိုလ်တွေဖြစ်တော့ ပြည်ခိုင်ဖြိုးပါတီရဲ့ ထောက်ခံမှုမရှိဘဲ အခြေခံဥပဒေပြင်ဆင်ရေးမဖြစ်နိုင်ဘူးလို့ အများကမြင်နေကြတယ်။ ဒါနဲ့ပတ်သက်လို့ရော သမ္မတကြီး ဘယ်လိုရှင်းပြလို့ရမလဲ။

“အခြေခံဥပဒေပြင်ရေး မပြင်ရေးဟာ အစိုးရရဲ့အဆုံးအဖြတ်ပေါ် မူမတည်ပါဘူး။ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေရဲ့ ဆန္ဒပေါ် မူတည်တယ်။ ကိုယ်စားလှယ်တွေကလည်း ပြည်သူကရွေးကောက်တင်မြှောက်ထားတာဆိုတော့ ပြည်သူ့ဆန္ဒပေါ်မူတည်ပါတယ်။ ပြင်ဖို့ မပြင်ဖို့နဲ့ပတ်သက်ပြီး အစိုးရဘက်က ဘာမှဝေဖန်ချက်ပေးစရာမရှိပါဘူး။ အများသဘောတူတယ်ဆိုရင်တော့ ကျနော်တို့ကလည်း သဘောတူရမှာပဲ။”

မြန်မာပြည်မှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေကို နိုင်ငံတကာက အားပေးထောက်ခံတာတွေရှိတယ်။ တပြိုင်နက်တည်းမှာ ကချင်နဲ့ ရခိုင်ပြည်နယ်မှာဖြစ်ပွားတဲ့ ပဋိပက္ခတွေ ဒါတွေကို ရေရှည်မှာ ဘယ်လိုမျိုးနည်းလမ်းတွေရှာပြီး ဆောင်ရွက်နေသလဲဆိုတာ ရှင်းပြပေးလို့ရမလား။

“အခုလက်ရှိ ငြိမ်းချမ်းရေးဆောင်ရွက်နေတယ်။ လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ရှိတယ်။ ၁၀ ဖွဲ့နဲ့ကတော့ အပစ်ခတ်ရပ်စဲရေးလုပ်ပြီးတော့ တချို့ကိစ္စတွေမှာ ဆွေးနွေးသဘောတူညီချက်ရထားတာတွေရှိတယ်။ ဥပမာ အဓိကကျတဲ့ ပြည်ထောင်စုထဲကခွဲမထွက်ဘဲနဲ့ တိုင်းရင်းသားအားလုံးဟာ ရာသက်ပန်အတူတကွနေထိုင်ကြမယ်ဆိုတဲ့ အချက်။ နောက် ဒို့တာဝန်အရေးသုံးပါးနဲ့ ပတ်သက်တဲ့ သဘောတူညီချက်တွေ။ ဒါတွေလည်း ညှိနှိုင်းရရှိပြီးဖြစ်တယ်။ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းရမှာတွေလည်း အများကြီးကျန်သေးတယ်။ အပစ်အခတ်ရပ်စဲရုံနဲ့ ငြိမ်းချမ်းရေးရပြီလို့ ပြောလို့မရဘူး။ အပစ်အခတ်ရပ်စဲရုံနဲ့ ရေရှည်ငြိမ်းချမ်းရေးရဖို့ဆိုတာ မလုံလောက်သေးဘူး။ နောက်ထပ်ဆွေးနွေးဖို့ ရှိသေးတယ်။ အဲအတွက်လည်း မကြာခင်မှာ မျှော်မှန်းထားတာတော့ နိုင်ငံရေးအရစကားပြောဖို့ရှိတယ်။ ဆွေးနွေးတဲ့အခါ အစိုးရကနေ တာဝန်ယူ ကမကထလုပ် ဆွေးနွေးတာမျိုး မဟုတ်ဘဲ လွှတ်တော်ကနေ သင့်တင့်တဲ့အဖွဲ့အစည်းတွေလည်းပါမယ်။ အစိုးရအဖွဲ့ကလည်းပါမယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ပါမယ်။ လူထုလူတန်းစားအဖွဲ့အစည်းတွေလည်းပါမယ်။ တိုင်းရင်းသားခေါင်းဆောင်တွေလည်းပါမယ်။ လူမျိုးစု ကိုယ်စားလှယ်တွေလည်းပါမယ်။ ဒီလိုအဖွဲ့ဖွဲ့ပြီးတော့ ဆက်ဆွေးနွေးသွားဖို့ အစီအစဉ်ရှိတယ်။”

အဲအစီအစဉ်ကိုရော လွှတ်တော်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုရော ချပြဆွေးနွေးပြီးပြီလား။ စဉ်းစားချက်ပဲရှိသေးတာလား။

“ငြိမ်းချမ်းရေး အဆင့် ၃ ဆင့်နဲ့ ဆွေးနွေးမယ်။ တိုင်းဒေသကြီးနဲ့ပြည်နယ်မှာ အပစ်ခတ်ရပ်စဲရေးကိစ္စ အရင်လုပ်မယ်။ ဒုတိယအဆင့်ကတော့ ပြည်ထောင်စုအဆင့်အနေနဲ့ သူတို့နဲ့ ထိတွေ့မယ်။ သဘောတူနိုင်တဲ့အချက်လေးတွေ လက်မှတ်ထိုးထားမယ်။ တတိယအဆင့်ကတော့ လွှတ်တော်ကနေ တာဝန်ယူလုပ်ပေးဖို့ဆိုပြီး အစိုးရအနေနဲ့ အတိအလင်း ပြောထားပြီးသားဖြစ်တယ်။ အဖွဲ့အစည်းဖွဲ့တဲ့အခါမှာလည်း လွှတ်တော်ကိုပဲဖွဲ့ခိုင်းရမယ်။ လွှတ်တော်ကဖွဲ့ပေးပြီးမှ ဘာလို့လဲဆိုတော့ လွှတ်တော်ထဲမှာ တိုင်းရင်းသားပေါင်းစုံ၊ ကိုယ်စားလှယ်ပေါင်းစုံရှိတယ်လေ။ လွှတ်တော်ကအတည်ပြုပြီး ဆောင်ရွက်သွားရမယ့် ကိစ္စလို့ သဘောထားပါတယ်။”

ဆက်လက်ဖော်ပြပါမည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013