ရန်ကုန်လေဆိပ်တွင် တရုတ်နိုင်ငံသားတဦးကို အပြင်မထွက်ခိုင်းဘဲ စောင့်ကြည့်နေ
DVB
·
February 1, 2020
တရုတ်ကနေ ရန်ကုန်လေဆိပ်ကို ဒီနေ့ လေယာဉ်နဲ့ ရောက်လာတဲ့ တရုတ်နိုင်ငံသား တယောက်ကို သီးသန့်ထားပြီး အပြင်မထွက်ခိုင်းသေးဘဲ ဆက်လက်စောင့်ကြည့်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အခုနေ့လယ်မှာ ထုတ်ပြန်ပါတယ်။
အဲဒီခရီးသည်ဟာ ကိုယ်အပူချိန်နည်းနည်း မြင့်နေပေမယ့် သေချာစစ်ဆေးရာမှာတော့ သံသယဖြစ်စရာ မတွေ့ရဘူးလို့ ဆိုပါတယ်။
တရုတ်နိုင်ငံ၊ ကွမ်ကျိုးလေဆိပ်ကနေ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဒီနေ့မနက် ၁၀ နာရီ ၄၅ မိနစ်က ဆိုက်ရောက်လာတဲ့ China Southern လေကြောင်း ခရီးစဉ်အမှတ် CZ 3055 နဲ့ လိုက်ပါလာတဲ့ မြန်မာနိုင်ငံမှာ အလုပ်လုပ်နေသူ အသက် ၄၂ နှစ်အရွယ် တရုတ်နိုင်ငံသား အမျိုးသားခရီးသည်တယောက်ကို လေဆိပ်ဝင်လာချိန်မှာ ကိုယ်ခန္ဓာအပူချိန်တိုင်းတာစက် (Thermal Scanner) နဲ့ တိုင်းတာချက်အရ ကိုယ်အပူချိန် နည်းနည်းမြင့်နေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ခရီးသည်ကို ၁၅ မိနစ်မှာ တကြိမ်နှုန်းနဲ့ ၃ ကြိမ်တိုင်တိုင် အပူချိန် ပြန်တိုင်းကြည့်ရာမှာတော့ အပူချိန်ဟာ ပုံမှန်ဖြစ်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အသေးစိတ်ထပ်ပြီး စစ်ဆေးကြည့်ရာမှာလည်း ချောင်းဆိုးတာ၊ နှာစေးတာ စတဲ့ လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာတွေ အပါအဝင် တခြား သံသယဖြစ်စရာ လက္ခဏာ တစုံတရာ မတွေ့ရဘူးလို့ ထုတ်ပြန်ပါတယ်။
ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားတဲ့ ရောဂါအဓိပ္ပာယ်သတ်မှတ်ချက်နဲ့ မကိုက်ညီတာကို တွေ့ရပေမယ့် ပိုပြီးသေချာအောင် ကူးစက်ရောဂါ ပါမောက္ခတွေ၊ ကူးစက် ရောဂါဗေဒပညာရှင်တွေနဲ့ တိုင်ပင်ပြီး အဲဒီခရီးသည် နေထိုင်ရာနေရာမှာ သီးသန့်ထားပြီး အပြင်ကို မထွက်ခွာစေဘဲ အခြေအနေကို စနစ်တကျ ဆက်လက်စောင့်ကြပ် ကြည့်ရှုသွားမယ်လို့ ဆိုပါတယ်။
Photo : Myanmar CDC - ပြည်သူ့ကျန်းမာရေးဦးစီးဌာန