တအာင်းဒေသတွင် မြေမြှုပ်မိုင်းနှင့် စစ်လက်နက်ကျန်ပစ္စည်းကြောင့် ထိခိုက်မှုများလာ

ရှမ်းပြည်မြောက်ပိုင်းမှာ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပြီး မြေမြှုပ်မိုင်းနဲ့ လက်နက်ကြီးတွေ တွင်တွင်ကျယ်ကျယ်အသုံးပြုနေတာကြောင့် ပြည်သူတွေ နေ့စဉ်နဲ့အမျှ ထိခိုက်သေဆုံးနေတယ်လို့ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့ TSYU က ဇန်နဝါရီ ၃၁ ရက်နေ့က ထုတ်ပြန်ပါတယ်။
အထူးသဖြင့် ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူစတဲ့ မြို့နယ်ထဲက တအာင်းကျေးရွာတွေမှာ ဒီလထဲ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်ကျန်ပစ္စည်းတွေကြောင့် သေဆုံးသူ ၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၈ ဦးရှိပြီး ၂၀၁၆ ခုနှစ်ကစ ၂၀၂၀ ထိ ၄ နှစ်တာကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းတခွင်မှာ ထိခိုက်ဒဏ်ရာရသူ ၁၄၀ ဦးရှိပြီး သေဆုံးသူ ၁၈ ဦး ရှိကြောင်း၊ ဒါဟာ သူတို့လက်လှမ်းမီ သလောက် သိရတဲ့ တအာင်းလူမျိုးစာရင်းသာဖြစ်ပြီး အခြားလူမျိုးတွေ မပါသေးဘူးလို့ TSYU ပြောခွင့်ရ လွေးလှားရိုင်းက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီမြေမြှုပ်မိုင်းကြောင့် ရွာသားတွေ တချို့က လက်တွေပြတ်တယ်၊ ခြေတွေပြတ်တယ်၊ သေဆုံးကြတယ်။ ဒီစာရင်းတွေက ကျမတို့တအာင်းလူငယ်အဖွဲ့က ကူညီစောင့်ရှောက်ပေးခဲ့တဲ့ စာရင်ဖြစ်တယ်။ တအာင်းရွာသားတွေ၊ တခြားတိုင်းရင်းသားတွေ မပါသေးဘူး။ ကျမတို့ လက်လှမ်းမမီတဲ့ နေရာတွေ မပါသေးဘူး။ သူတို့အလုပ်သွားရင်း၊ ခြံသွားရင်း လမ်းမှာထိမိကြတာ၊ အဲဒီတော့ ကြောက်ကြောက်လန့်လန့်နဲ့ပဲ သွားလာနေရတယ်၊ မသွားလို့လည်း မရဘူး၊ နေ့စဉ်စားဝတ်နေရေးကလည်း ရှိသေးတယ်လေ။”
ရွာသားတွေ မိုင်းထိမိတဲ့ ဒေသဟာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ လှုပ်ရှားပြီး တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေဖြစ်ကြောင်း၊ ဘယ်လက်နက်ကိုင်အဖွဲ့ကမှ သူတို့လက်ချက်ဆိုတာကို ဝန်ခံမှာမဟုတ်ဘဲ ဘယ်အဖွဲ့ အစည်းကဘဲဖြစ်ဖြစ် စစ်နဲ့ပတ်သက်တဲ့ အပြည်ပြည်ဆိုင်ရာစာချုပ်မှာပါတဲ့ စစ်ကျင့်ဝတ်တွေကို လေးစားလိုက်နာဖို့ လိုအပ်ကြောင်း TSYU က ပြောပါတယ်။
ဒါ့အပြင် ပြည်သူလူထုတွေ နေ့တဓူဝ သွားလာလုပ်ကိုင်စားသောက်ရတဲ့ နေရာတွေမှာ လက်နက်ကြီးပစ်ခတ်တာ၊ မိုင်းထောင်တာတွေမလုပ်ဖို့ ထိခိုက်နစ်နာ အသက်ဆုံးရှုံးရတဲ့ပြည်သူတွေပေါ် တာဝန်ယူ တာဝန်ခံဖို့ TSYU က တောင်းဆိုပါတယ်။











