DVB Logo
Home
Lead Story
ပြည်သူယုံကြည်မှုရယူနိုင်သည့် ပြည်ထောင်စုလွှတ်တော်
DVB
·
January 31, 2020
ပြည်သူယုံကြည်မှုရယူနိုင်သည့် ပြည်ထောင်စုလွှတ်တော်
Donate to DVB

လွှတ်တော်တွင် အပြုသဘောဆောင်ဆွေးနွေးကြရန် သမ္မတဦးဝင်းမြင့်က တိုက်တွန်းပြောဆို လိုက်သည်။ ဇန်နဝါရီ ၃၁ ရက်က နေပြည်တော်၌ ကျင်းပသည့် ဒုတိယအကြိမ် လွှတ်တော် (၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင်ပြောကြားခြင်း ဖြစ်သည်။

ထို့အပြင် လွှတ်တော်များအတွင်း ပြောဆိုဆွေးနွေးကြရာတွင် ကိုယ့်အတ္တကို ရှေ့တန်းတင်ပြီး ပြောဆိုဆွေးနွေးခြင်းမျိုး မလုပ်ကြရန်လည်း သမ္မတက ပြောသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဘဝကနေ သမ္မတဖြစ်လာသူမို့ လွှတ်တော်တွင်း ပြောဆိုဆွေးနွေးချက်များကို ဂဃနဏ သိနေသူပီပီ ယခုကဲ့သို့ သတိပေးပြောဆိုခြင်းပင်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်ကို ၂၀၁၁ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့က စတင်ခဲ့ရာ ယခု ၂၀၂ဝပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်တွင် လွှတ်တော်သက်တမ်း ၉ နှစ်ရှိပြီဖြစ်သည်။

လွှတ်တော်သက်တမ်း ၉ နှစ်အတွင်း ယနေ့အထိ ဥပဒေပေါင်း ၃၅၆ ခု ပြုစုထုတ်ပြန်နိုင်ခဲ့ပြီး ပထမအကြိမ်လွှတ်တော်သက်တမ်းတွင် ၂၃၂ ခု၊ ဒုတိယအကြိမ်သက်တမ်းတွင် ၁၂၄ ခု ထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။

ယင်းဥပဒေများကို ကဏ္ဍအလိုက် ခွဲကြည့်ပါက စီးပွားရေးကဏ္ဍတွင် ဥပဒေ ၁၆၀ ခု၊ နိုင်ငံရေးကဏ္ဍတွင် ၉၁ ခု၊ လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍ ၇၂ ခု၊ မိခင်နှင့်ကလေးကဏ္ဍ ၂၆ ခု၊  အလုပ်သမားကဏ္ဍ ၁၀ ခု၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကဏ္ဍ ၈ ခုနှင့် ပညာရေးကဏ္ဍ ၁၁ ခုတို့ဖြစ်ကြောင်း တွေ့ရသည်။

ယခုအချိန်အထိ ဆွေးနွေးဆဲ ဥပဒေကြမ်းများကိုကြည့်လျင် ပြည်သူ့လွှတ်တော်တွင် ၁၂ခု၊  အမျိုးသားလွှတ်တော်တွင် ၁၃ ခု စုစုပေါင်း ဥပဒေကြမ်း ၂၅ ခု ရှိသည်။

ပြည်ထောင်စုလွှတ်တော်သည် ဥပဒေပြုရေးတာဝန်များအပြင် အခြားသော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများကို ထိမ်းကျောင်းသည့် လုပ်ငန်းကိုလည်း အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ကို လွှတ်တော်သက်တမ်း ၉ နှစ်အတွင်း အကြိမ်ကြိမ် တွေ့မြင်ခဲ့ရသည်။

လွှတ်တော်အကြီးအကဲ ဦးဝင်းမြင့် အလွန်လက်ထက် လွှတ်တော်များသည် အရှိန်အဟုန်မပျက် ဆက်လက်ချီတက်နိုင်နေပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးပြောဆိုချက်များ ထိရောက်လာသည်ကိုလည်း တွေ့ရသည်။

ပြည်သူ၊ အမျိုးသားနှင့် ပြည်ထောင်စုလွှတ်တော်များ၏ အဓိကအားသားချက်မှာ လွှတ်တော်ကျင်းနေပုံများကို ယင်းတို့၏ အင်တာနက်စာမျက်နှာများကတဆင့် တိုက်ရိုက်ထုတ်လွှင့် ပြသခြင်းပင်ဖြစ်သည်ဟု မြင်သည်။

အစိုးရဝန်ကြီးဌာနများ၏ အင်တာနက်စာမျက်နှာများ ငြိမ်သက်ကောင်းနေချိန်တွင် လွှတ်တော်အသီးသီး၏အချိန်နှင့်တပြေးညီ သတင်းထုတ်ပြန်မှုက ပြည်သူယုံကြည်ကိုးစားမှုကို အရယူနိုင်နေသည်ဟု ဆိုလိုက်ချင်သည်။

သို့သော် ပြည်ထောင်စုလွှတ်တော်၊  ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အစည်းအဝေးများကို သတင်းမီဒီယာသမားတို့ ရုပ်သံကတဆင့် သတင်းယူနေကြရဆဲဖြစ်သည်။

 

လွှတ်တော်ကို ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကို ပိုမိုရရှိစေရန် လက်ကျန် လွှတ်တော်သက်တမ်းအတွင်း သတင်းသမားများကို လွှတ်တော်တွင်း တိုက်ရိုက်သတင်း ရယူခွင့်ပေးရန်နှင့် လွှတ်တော်အမတ်များကလည်း အစိုးရကို ပိုမိုတည့်မတ် ထိန်းကျောင်းပေးပြီး လူထုအကျိုးပြု ဥပဒေများကို ပိုမိုပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းကြရန် တိုက်တွန်းလိုက်ရပါသည်။    

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013