
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ဇန်နဝါရီ ၃၀ ရက်ညက ကျေးရွာအုပ်ချုပ်ရေးမှူးတဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေပုဒ်မ (၁၀)နဲ့ အမှုဖွင့်ထားတယ်လို့ မြို့မစခန်းမှူးက ပြောပါတယ်။
ညောင်လေးပင်မြို့နယ် စမ်းကလေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွေးက တရွာထဲ နေထိုင်သူ ဇော်လင်းသိန်းကို ကျေးရွာအတွင်း မူးယစ်သောက်စားပြီး ပတ်ဝန်းကျင်စိတ်အနှောင့် အယှက်ဖြစ်အောင် ဆူပူသောင်းကျန်းတာတွေ၊ ကျေးရွာတာဝန်ခံအား ကိုယ်ထိလက်ရောက် စော်ကားတာတွေ၊ ကျေးရွာတာဝန်ခံကို မဟုတ်မမှန်တိုင်ကြားတာတွေနဲ့ တရားရုံးမှာ အမှု ရင်ဆိုင်နေရတာတွေ ရှိတယ်လို့ဆိုကာ ၁၉၆၁ခုနှစ် မြန်မာနိုင်ငံခြေချုပ်နှင့်ခံဝန်ဥပဒေနဲ့ အမှုဖွင့် တိုင်ကြားခဲ့ပါတယ်။
ဒီလိုတိုင်ကြားတာဟာ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ဂုဏ်သိက္ခာထိခိုက်ကျဆင်းတယ်လို့ ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ ပုဒ်မ(၁၀)နဲ့ အရေးယူပေးဖို့ ရွာသား ဇော်လင်းသိန်းက လာရောက်တိုင်ကြားအမှုဖွင့်ခဲ့တာလို့ ညောင်လေးပင်မြို့မစခန်းမှူး ဒုရဲမှူး ဌေးဝင်းက ပြောပါတယ်။
စမ်းကလေးရွာသား ဇော်လင်းသိန်းဟာ အရင်က မူးယစ်ရမ်းကား တဲ့ပြစ်မှု တစုံတရာမရှိခဲ့ဖူးပေမယ့် လွန်ခဲ့တဲ့ ခြောက်လလောက်က တရားရုံးမှာ အပြန်အလှန်စွဲဆိုတဲ့အမှု တခုတော့ရှိခဲ့ဖူးတယ်လို့ ညောင်လေးပင်မြို့မစခန်းမှူးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်က မြို့နယ် စီခန့်အဖွဲ့အစည်းအဝေးရဲ့ဆုံးဖြတ်ချက်အရ မြို့နယ်မှူး အစည်းအဝေးမှာ တိုက်ရိုက်ခြေချုပ်တင်သင့်တယ်ဆိုလို့ အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ မြို့နယ်ကိုတင်ပေးလိုက်တာပဲရှိပြီး နိုင်လွတ်လုံနဲ့ အမှုဖွင့်ထားတာကိုတော့ မသိရသေးဘူးလို့ စမ်းကလေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွေးက ပြောပါတယ်။
သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်











