DVB Logo
Home
မေးမြန်းခန်း
လယ်ယာပြဿနာကို အစိုးရက ဆွေးနွေးပါ၊ သေနတ်နဲ့ မဖြိုခွင်းသင့်ဘူး – ဒေါ်စုစုနွေး
DVB
·
February 27, 2013
လယ်ယာပြဿနာကို အစိုးရက ဆွေးနွေးပါ၊ သေနတ်နဲ့ မဖြိုခွင်းသင့်ဘူး – ဒေါ်စုစုနွေး
Donate to DVB

မအူပင်မှာ လယ်ယာမြေပိုင်ဆိုင်မှုအပေါ်အခြေပြုလို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံလယ်သမားတွေအကြား အဓိကရုဏ်း ဆန်ဆန်ဖြစ်ပွားရာမှာ ရဲနဲ့အရပ်သား စုစုပေါင်း ၇၀ လောက် ဒဏ်ရာရသွားပါတယ်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး နာရီပိုင်းအကြာ ဖေဖော်ဝါရီ ၂၆ ရက်ည ၇ နာရီခန့်လောက်က ဖြစ်စဉ်မှာ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖောက်တာအပြင် ရိုက်နှက်နည်းတွေနဲ့လည်း လူစုခွဲခဲ့ပါတယ်။ မအူပင်ဆေးရုံကို သွားရောက်ပြီး လူနာတွေကို သွားရောက်တွေ့ဆုံခဲ့တဲ့ လယ်သမားအရေး ကူညီဆောင်ရွက်သူ မစုစုနွေးကို မေးမြန်းရာမှာ အစိုးရဘက်က သေနတ်နဲ့ မဖြိုခွင်းသင့်ဘူးလို့ ပြောပါတယ်။

ပုဒ်မ ၁၄၄ ထုတ်တယ်၊ ရဲနဲ့ ထိပ်တိုက်တွေ့တယ်၊ ရွာသားတွေက မပြန်ဘူး။ ဒီဖြစ်နဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲ။

“ဒီလယ်တွေကို ဘယ်သူကပိုင်တယ်၊ မပိုင်ဘူးဆိုတာတော့ ကျမ မသိဘူး။ ကျမသိတာက ၂၄ ရက်နေ့မှာ လယ်သမားတွေက သူတို့လယ်တွေကို သူတို့ ၀င်လုပ်တယ်။ လယ်သမားတွေကို ရဲတွေက ၂၄ ရက်နေ့ညမှာပဲ ၀ိုင်းလိုက်တယ်။ ၂၆ ရက်နေ့ ညမှာပဲ ကျမကို သတင်းပို့တယ်။ ရဲတွေက ၁၄၄ ထုတ်လိုက်ပြီ။ သူတို့ကို လူစုခွဲခိုင်းတယ်၊ ပစ်မယ်လို့ပြောတယ်၊ တရားဝင် ကြေညာနေတယ်။

“အဲဒီနောက်ပိုင်းမှာ လယ်သမားတွေကလည်း ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေတဲ့အပေါ်မှာ ရဲတွေက သူတို့ကို စပစ်မယ်လို့ပြောတယ်။ နောက် ရဲတွေက တုတ်တွေနဲ့ ၀င်ရိုက်တဲ့အခါမှာ နှစ်ဖက် ပဋိပက္ခဖြစ်တယ်။ နှစ်ဖက်လုံး ရိုက်ကြဖြစ်ပြီးတော့ ည ၉ နာရီလောက်မှာ ဆေးရုံရောက်လာတယ်။

“လယ်သမားရေးဆောင်ရွက်သူအနေနဲ့ ကျမပြောချင်တာက နိုင်ငံတော်မှာ တာဝန်ရှိပုဂ္ဂိုလ်တွေကနေပြီး သူတို့တာဝန်ကို သူတို့ အပြည့်အ၀ မယူနိုင်လို့ ဒီလိုမျိုး ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်လာတာလို့ ပြောချင်တယ်။ ကျမတို့နိုင်ငံဟာ ဒီမိုကရေစီကို ဖော်ဆောင်နေတယ်၊ သွားနေပါတယ်လို့ နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စု ၀န်ကြီးတွေက ထပ်ခါတလဲလဲ ပြောတယ်။ ကောင်းသောအစိုးရကို ကျနော်တို့က တကယ်သွားနေပါတယ်၊ သန့်ရှင်းသောအစိုးရကို သွားနေပါတယ်လို့ ထပ်ခါတလဲလဲပြောတယ်။ နိုင်ငံတကာမှာလည်း ဒီလိုပဲပြောတယ်။ အခုလိုမျိုး တောင်သူလယ်သမားတွေဆိုတာက သေနတ်ဆိုတာလည်း တခါမှ မကိုင်ဖူးဘူး၊ ဘာမှလည်း သိနားလည်ကြတာမဟုတ်ဘူး။ သူတို့ရဲ့ ကျောထောက်နောက်ခံမှာ ပညာရေးလည်းမရှိသလို၊ စီးပွားရေး ကျောထောက်နောက်ခံလည်း မရှိဘူး။ ကျန်းမာရေး ကျောထောက်နောက်ခံလည်း မရှိဘူး။ ဘာကျောထောက်နောက်ခံမှမရှိတဲ့ တောင်သူလယ်သမားတွေဟာ တကယ်ကို နုံချာပြီး အပစ်မဲ့တဲ့ ပြည်သူတွေကို သေနတ်နဲ့ပစ်ပြီး အကြမ်းဖက်တယ်ဆိုတာမျိုးက လုံးဝကို အကျည်းတန်ပါတယ်။ ပြောင်းလဲနေပါတယ်ဆိုတဲ့ ဒီမိုကရေစီနဲ့လည်း မထိုက်တည်ပါဘူး။ တကယ်ကို အကျည်းတန်ရုပ်ဆိုးပါတယ်။

“အဲတော့ အုပ်ချုပ်တဲ့အစိုးရကနေပြီးတော့ ပြည်သူလူထုကို အုပ်ချုပ်တဲ့အခါမှာ တာဝန်ယူမှုတွေ နည်းလို့၊ တာဝန်ယူမှုတွေ မရှိလို့ ကျမတို့ ပြည်သူထူထု အခုလိုမျိုး နစ်နာတာ၊ ဥပဒေမဲ့ အကြမ်းဖက်ခံရတာလို့ ပြောချင်တယ်။ ပြည်သူလူထုအပေါ်မှာ အုပ်ချုပ်သူအစိုးရကနေပြီး တာဝန်ယူမှုတွေ ရှိခဲ့မယ်ဆိုရင် ဒီလိုပြဿနာမျိုးတွေ၊ ပဋိပက္ခမျိုးတွေ ဒီလိုအကြမ်းဖက်မှုမျိုးတွေ ကမ္ဘာမှာလည်း ကြားရမှာမဟုတ်ဘူး၊ မြန်မာနိုင်ငံမှာလည်း ကြားရမှာမဟုတ်ဘူး။ အဓိကပြဿနာက အစိုးရရဲ့ တာဝန်ယူမှုနည်းလို့ အခုလိုဖြစ်တာလို့ ပြောချင်တယ်။

“နောက် လယ်သမားတွေကလွန်တယ်ပဲ ထားဦး။ ကျမတို့ လယ်သမားအရေးဆောင်ရွက်သူတွေက လယ်သမားတွေနဲ့ အစိုးရကြားမှာ ကြားခံအနေနဲ့ မျှမျှတတသွားမှာ။ လယ်သမားတွေဘက်က မှားတယ်ဆိုရင်တောင် သေနတ်နဲ့ပစ်ဖြိုခွင်းတယ်ဆိုတာမျိုး မလုပ်သင့်ဘူး။ မှားတဲ့အခါမှာ သူတို့ကို ပြေပြေလည်လည်နဲ့ ညှိနှိုင်းဆွေးနွေးမယ်။ ဘယ်လိုသွားရင်ကောင်းမလဲဆိုတာမျိုး ဆွေးနွေးမှုနဲ့ ဖြေရှင်းနိုင်တာ ပိုကောင်းတယ်။ အဲလိုဆွေးနွေးမှုမျိုးနဲ့ ဖြေရှင်းတာမျိုးမဟုတ်ဘဲ အကြမ်းဖက်နည်းနဲ့ ဖြေရှင်းတာဟာ မင်းမဲ့စရိုက်ဆန်တယ်လို့ ပြောချင်တယ်။ နောက်နောင်ကိုလည်း လယ်သမားတွေကို အခုလို သေနတ်နဲ့ပစ်ဖြိုခွင်းတာကိုလည်း ဘယ်တော့မှ မကြားချင်ပါဘူး။ အစိုးရအနေနဲ့လည်း ဒီမိုကရေစီဖော်ဆောင်တဲ့အချိန်၊ ပြုပြင်ပြောင်းလဲရေးကိုသွားနေတဲ့အချိန်မှာ ကျမတို့ တိုင်းပြည်ကို တကယ် အပြုသဘောဆောင်တဲ့အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း၊ ညင်ညင်သာသာနဲ့ သွားစေချင်ပါတယ်လို့ ပြည်သူလူထုအားလုံးကိုယ်စား တောင်သူလယ်သမားတွေနစ်နာတဲ့အချိန်မှာ ခံစားမှုအပြည့်နဲ့ ပြောချင်ပါတယ်။”

နှစ်ဖက်စလုံး သွေးထွက်သံယိုဖြစ်တယ်။ ဒီကိစ္စရဲ့ အရင်းခံပြဿနာက အရင်တုန်းက လယ်သမားတွေက ကိုယ့်လယ်ကိုယ် လုပ်ရာက လယ်သိမ်းခံရပြီး  အစပြုဖြစ်ပွားရာကနေ အခု သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ သူတို့လယ်ပြန်လည် ရလိုရငြား ကြိုးပမ်းတယ်လို့ အကြမ်းဖျင်းကောက်ချက်ချတာရှိတော့ တနိုင်ငံလုံးမှာ လယ်တွေကလည်း အများကြီးသိမ်းထားတော့ လယ်သမားတွေက သူတို့သိမ်းခံရတဲ့လယ်တွေမှာ ဒီလိုပြန်လုပ်။ သွေးထွက်သံယိုမှုတွေဖြစ်မယ်ဆိုရင် ဒီအကျပ်အတည်းကနေ ဘယ်လိုရုန်းထွက်နိုင်မယ်လို့ မြင်လဲ။

“လယ်ယာမြေပြဿနာတွေက မအူပင်တမြို့နယ်တည်း မဟုတ်ဘူး။ မြန်မာပြည်နယ် တိုင်းနဲ့ပြည်နယ်အနှံ့အပြားမှာ လယ်ယာမြေပြန်သိမ်းခံရတဲ့ပြဿနာတွေ ပေါ်နေတာပါ။ အခုလို အဓိကရုဏ်းတွေ၊ အကြမ်းဖက်မှုတွေကနေ လွတ်မြောက်အောင်လုပ်ဖို့က အခုလက်ရှိ အုပ်ချုပ်နေတဲ့အစိုးရက တာဝန်ယူဖြေရှင်းမှုတွေရှိလာမှ၊ အုပ်ချုပ်တဲ့အစိုးရက လယ်သမားတွေရဲ့ နစ်နာမှုတွေကို တကယ်တာဝန်ယူပြီး ပြေပြေလည်လည်ဖြေရှင်းနိုင်မှုမရှိရင် ဒီပဋိပက္ခတွေကြားထဲက ရုန်းထွက်နိုင်မှာမဟုတ်ဘူး။ ကျမတို့ လယ်သမားအရေးဆောင်ရွက်သူတွေဟာ တာဝန်ရှိပုဂ္ဂိုလ်တွေမဟုတ်ပါဘူး။ တကယ်လုပ်ပိုင်ခွင့်ရှိတာ၊ တာဝန်ရှိတာက အုပ်ချုပ်နေတဲ့အစိုးရပါ။ အုပ်ချုပ်နေတဲ့အစိုးရကနေ ၂၀၁၂ မတ်လ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ ဥပဒေမှာ သူတို့ပြဋ္ဌာန်းထားတာပဲ။ ၁၉၈၈ ခုနောက်ပိုင်းမှာ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို စီမံကိန်းတရပ်မဖော်ဆောင်ရသေးဘူး။ လယ်ကွက်တွေကို ဒီအတိုင်းထားမယ်ဆိုရင် လယ်မြေတွေကို ပြန်ပေးရမယ်။ လယ်ယာမြေတွေကို လယ်သမားတွေကိုလုပ်ပိုင်ခွင့်ပေးရမယ်။ လယ်ယာမြေတွေကို စီမံကိန်းဖော်ဆောင်ပြီးသွားပြီ။ အဆောက်အအုံတွေဆောက်၊ စက်ရုံအလုပ်ရုံတွေဆောက်ပြီးပြီဆိုရင် ဒါတွေကို ကာလပေါက်ဈေး၊ တန်ရာတန်ကြေးနဲ့ပေးချေရမယ်။ ဒီနေရာမှာ လယ်သမားတွေနစ်နာမှုမရှိအောင် မြေယာဖြေရှင်းရေးကော်မတီဖွဲ့စည်းပြီးတော့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးရမယ်။ လွှတ်တော်တွေကနေ ဆုံးဖြတ်ရမယ်လို့ အဲဥပဒေကို သူတို့ပြဋ္ဌာန်းထားတယ်။ တာဝန်ရှိပုဂ္ဂိုလ်တွေကနေ ဒီလိုပြဿနာတွေ၊ ပဋိပက္ခတွေမဖြစ်ရအောင် မြေယာဖြေရှင်းရေးကော်မတီက ချမှတ်ထားတဲ့အတိုင်း လယ်သမားတွေနစ်နာနေတဲ့ လယ်ယာမြေသိမ်းဆည်းမှုတွေကို ဥပဒေနဲ့အညီကို သေသေချာချာ တာဝန်ယူ ဆောင်ရွက်မယ်ဆိုရင် ဒီပဋိပက္ခတွေကြားထဲက ကျမတို့ ရုန်းထွက်နိုင်မှာပါ။ အဲလို တာဝန်ရှိပုဂ္ဂိုလ်တွေကနေ တာဝန်ယူမှုမရှိဘဲ လယ်သမားအရေးဆောင်ရွက်သူတွေကနေ ဘယ်လိုပဲ ဆောင်ရွက်နေ ဆောင်ရွက်နေ ဒီလိုပဋိပက္ခတွေက ဒီလိုပဲဆက်ဖြစ်နေဦးမယ်လို့ ပြောချင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013