DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံက ပြန်လာသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၂၀၀၀ ကျော်ကို ကျန်းမာရေးစစ်ဆေး
DVB
·
January 31, 2020
Donate to DVB

တရုတ်နိုင်ငံ၊ ထိန်ချုံးမြို့ကနေ ပြန်လာကြတဲ့ မြန်မာအလုပ်သမားတွေကို ကန်ပိုက်တီးနယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်မှာ ကျန်းမာရေးစစ်ဆေးပေးနေရာမှာ  ၅ ရက်အတွင်း လူပေါင်း ၂၀၀၀ ကျော်ရှိသွားပြီလို့ သိရပါတယ်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီး တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါက်မှာ ဇန်နဝါရီ ၂၆ ရက်ကနေ ဇန်နဝါရီ ၃၀ ရက်အထိ  တရုတ်နိုင်ငံ စက်ရုံတွေ၊ ကုမ္ပဏီတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားတွေ နေရပ်ပြန်ဝင်လာကြရာမှာ ကျန်းမာရေးစစ်ဆေးပေးနေတာပါ။

ကန်ပိုက်တီး လဝက ဦးစီးမှူး ဦးထွန်းထွန်းအောင်က "ဂိတ်ပိတ်ချိန် ညနေ ၆ နာရီပါ၊ ဝင်လာသူတွေက မြန်မာနိုင်ငံသား တိုင်းရင်းသားတွေပဲ၊ ပြည်နယ်ကျန်းမာရေးအဖွဲ့ကစစ်ဆေးပြီး ရောဂါကင်းရှင်းကြောင်း ထောက်ခံချက်ပါမှ ဝင်ခွင့်ပေးပါတယ်၊ ဒီနေ့ ၅ ရက်တာအထိ ဝင်ရောက်လာသူ နှစ်ထောင်ကျော်ရှိပါပြီ” လို့ ပြောပါတယ်။

ကန်ပိုက်တီး နယ်စပ်ပေါက်ကျန်းမာရေး စစ်ဆေးရေးအဖွဲ့ ယာယီတာဝန်ခံ ဒေါက်တာတင်မိုးဝင်းက "စစ်ဆေးကုသရေးမှာ ဝင်လာတဲ့ အလုပ်သမားတွေနဲ့ ဒေါက်တာ သူနာပြုသားဖွား ကျန်းမာရေးမှူး တပ်ဘက်ဆိုင်ရာတွေအပါဆိုတော့ ကျန်းမာရေးစစ်တာ လူအင်အား လုံလောက်မှုရှိပါတယ်၊ အမိုးအကာပြည့်စုံပါတယ်၊ ဗိုင်းရပ်စ်ကာကွယ်ရေး ၀တ်စုံဖြစ်တဲ့ အာကာသယာဉ်မှူးဝတ်စုံပုံစံမျိုး ကျန်းမာရေးဝတ်စုံတွေလည်းရှိပါတယ်” လို့ ပြောပါတယ်။

ပြန်လည်ဝင်လာသူတွေရဲ့ နေရပ်လိပ်စာနဲ့ ဖုန်းနံပါတ်တွေကိုလည်း မှတ်တမ်းတင်ထားတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံရှိ ပြည်နယ်အားလုံးလိုလိုမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ဖြစ်ပွားနေတဲ့အတွက် ထိန်ချုံးမြို့မှာ စက်ရုံတွေနဲ့ ကုမ္ပဏီတွေ ယာယီပိတ်သိမ်းထားတာကြောင့် မြန်မာအလုပ်သမားတွေ နေရပ်ပြန်လာကြတာလည်းဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေ စုစုပေါင်း ၂၁၃ ရှိလာပြီလို့ ဇန်နဝါရီ ၃၁ ရက်နေ့မနက် တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်ရဲ့  ထုတ်ပြန်ချက်အရသိရပါတယ်။

သေဆုံးမှုတွေက လတ်တလော တရုတ်နိုင်ငံတနိုင်ငံတည်း  ဖြစ်နေပေမယ့် နိုင်ငံပေါင်း ၂၃ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ  ၉၈၂၁ ယောက် ရှိလာနေပါတယ်။ 

မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013