
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်းက ဂဏန်းဒိုင်တွေဟာ တရုတ်ဘက် တင်ပို့လို့ မရတော့တာကြောင့် ဇန်နဝါရီ ၂၄ ရက်နေ့က စတင်ပြီး ဝယ်ယူမှုတွေ ရုတ်တရက်ရပ်တန့်လိုက်တဲ့ အတွက် ဂဏန်းရှာဖွေပြီးအသက်မွေးနေသူတွေ အခက်ကြုံနေရကြတယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေမှုကြောင့် တရုတ်ဘက်က ဝယ်ယူမှု ပိတ်လိုက်တာလို့ အောင်ဗကျေးရွာရှိ ဂဏန်းအဝယ်ဒိုင်မှ မလှသိန်းနုက ပြောပါတယ်။
"စစ်တွေက အဝယ်ဒိုင်က မဝယ်ကြတောဘူး။ တရုတ်နိုင်ငံဘက်က မဝယ်တာကြောင့် မူဆယ်အဝယ်ဒိုင်တွေက မဝယ်တာလို့ သိရတယ်။ အခုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကြောင့် ဝယ်ယူမှု ပိတ်လိုက်တယ်လို့ သိရတယ်။ ဘယ်နေ့ပြန်ဝယ်မယ်ဆိုတာ မသိပါဘူး။”
မောင်တောမြို့နယ် မြောက်ပိုင်းကျေးရွာတွေဖြစ်တဲ့ သင်္ဘောလှ၊ သာယာကုန်း၊ နံသာတောင်၊ ဖားဝပ်ချောင်း၊ အောင်မင်္ဂလာ၊ တရိမ်း၊ မင်းကြီးရွာ စတဲ့ ကျေးရွာပေါင်း ၂၀ လောက် ဂဏန်းရှာဖွေပြီး အသက်မွေးဝမ်းကျောင်းပြုနေကြတာပါ။
မောင်တောမြို့နယ်အတွင်း ဂဏန်းအဝယ်ဒိုင်များအားလုံး ပိတ်ထားလိုက်တဲ့အတွက် ဂဏန်းရှာဖွေအသက်မွေးနေကြသူတွေ စားဝတ်နေရေးအခက်အခဲနဲ့ ကြုံနေရတယ်လို့ မောင်တောစျေးပေါ်မှာ ဂဏန်းလာရောင်းတဲ့ မလှသိန်းလှက ပြောပါတယ်။
"အခုဆိုရင် ရတာလေးနဲ့ လုံလောက်စွာစားသောက်နေရပါတယ်။ ငါးထောင်လောက်နဲ့ လုံလောက်အောင်စားနေရပါတယ်။ အခုအဝယ်ဒိုင်တွေပိတ်လိုက်တော ရလာတဲ့ ဂဏန်းတွေကို ရောင်းမယ့်နေရာ မရှိတော့ဘူး။ နောက်ပိုင်းမိသားစုတွေ စားဝတ်နေရေး အခက်တွေ့ လာမှာပါ။”
ဂဏန်းရောင်းရောင်းသူ ဈေးသည်တဦးကလည်း "အရင်တုန်းကဆိုရင် အဝယ်ဒိုင်တွေမှာ သွင်းတော့ တနေ့ နှစ်သောင်းလောက်ရတယ်။ မိသားစုစားဝတ်နေရေး ဖူဖူလုံလုံနေထိုင်နိုင်တယ်။ အခုက ရလာတဲ့ဂဏန်းတွေအားလုံးကို စျေးမှာပဲ ရောင်းနေတယ်။ ရောင်းသူများပြီး ဝယ်တဲ့သူတွေက နည်းတယ်။ ရောင်းမစွံတော့ဘူး” လို့ ပြောပါတယ်။
မောင်တောမြို့ပေါ်မှာ ဂဏန်းအဝယ်ဒိုင်ကြီး ၃ ခုရှိပြီး နယ်ကျေးရွာတွေမှာ အဝယ်ဒိုင် ၂၀ လောက်ရှိတယ်လို့ သိရပါတယ်။
ကောင်းကောင်း











