DVB Logo
Home
မေးမြန်းခန်း
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး မေးမြန်းချက်
DVB
·
February 27, 2013
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး မေးမြန်းချက်
Donate to DVB

ဖေဖော်ဝါရီ ၂၅ ရက်ရက်စွဲနဲ့ ခန့်အပ်တာဝန်ပေးလိုက်တဲ့ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့မှာ ထူးခြားချက် ၂ ခုရှိတယ်လို့  ရန်ကုန်မြို့က တရားလွှတ်တော်ရှေ့နေ ဦးကိုနီက ပြောပါတယ်။ ပထမတခုက ခုံရုံးအဖွဲ့မှာ အရပ်သား ဥပဒေပညာရှင်တွေများတာ တွေ့ရပြီး နောက် တခုက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရွေးတဲ့အထဲက ၁ ဦးကို ခုံရုံးဥက္ကဋ္ဌ အဖြစ် ရွေးလိုက်တာပဲ ဖြစ်တယ်လို့ ပြောပါတယ်။

ဦးကိုနီကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးကို ဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင် ၉ ဦးနဲ့ ဖွဲ့စည်းလိုက်တဲ့ အပေါ်မှာ ဆရာ့ရဲ့ အမြင် ပြောပြပေးပါ။

[caption id="attachment_35599" align="alignleft" width="150" caption="တရားလွှတ်တော်ရှေ့နေ ဦးကိုနီ (ဓာတ်ပုံ- ဒီဗွီဘီ)"][/caption]

“ဒီတခေါက်ဖွဲ့စည်းလိုက်တဲ့အဖွဲ့က ပထမအဖွဲ့နဲ့တော့ ကွဲပြားခြားနားတယ်။ ဒီထဲမှာ စစ်ဘက်နဲ့ပတ်သက်တာ နည်းသွားပြီးတော့ အရပ်သားဥပဒေပညာရှင်တွေ များတာကို တွေ့ရတယ်။ အဲဒါတချက် ထူးခြားတယ်။ ဒုတိယတချက် ထူးခြားတာက ဥက္ကဋ္ဌကို ခန့်တဲ့အခါမှာ လက်ရှိဖွဲ့စည်းပုံအရဆိုရင် ခုံရုံးဥက္ကဋ္ဌကို သမ္မတက အဆိုပြုပေးတဲ့သူကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရတယ်။ ဒါက ငြင်းလို့လည်း မရဘူး။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အားနည်းချက်က ပြည်ထောင်စုလွှတ်တော်မှာ ငြင်းပိုင်ခွင့်မရှိဘူး။

“သို့သော် အခု ခုံရုံးဥက္ကဋ္ဌကို ခန့်တဲ့နေရာမှာတော့ ခုံရုံးအဖွဲ့ဝင် ၉ ယောက်မှာ ၃ ယောက်က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ရွေးတယ်၊ နောက် ၃ ယောက်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ရွေးတယ်၊ နောက် ၃ ယောက်ကို သမ္မတက ရွေးတယ်။ ၉ ယောက်ဖြစ်လာတဲ့အခါမှာ သမ္မတက သူရွေးတဲ့ ၃ ယောက်ထဲကနေ တဦးဦးကို ခုံရုံးဥက္ကဋ္ဌ ခန့်လို့ ရသော်လည်းပဲ သမ္မတက သူရွေးတဲ့ ၃ ယောက်ထဲကနေ ခုံရုံးဥက္ကဋ္ဌ မခန့်ဘဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းရွေးတဲ့ ၃ ယောက်ထဲက တယောက်ကို ခုံရုံးဥက္ကဋ္ဌ ခန့်လိုက်တာ တွေ့ရတယ်။ ဒါကလည်း အတော်ထူးခြားတယ်။ သမ္မတက သူ့လူသူ ဥက္ကဋ္ဌတင်တဲ့ သဘောမျိုး မရှိဘဲနဲ့ ဦးမြသိန်းကို ခန့်လိုက်တယ်။ ဦးမြသိန်းက တရားရေးလောကမှာ တော်တော် လုပ်သက်လည်း ရှိတဲ့အပြင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ညွှန်ကြားရေးမှူးချုပ်အထိ တာဝန်ယူပြီးမှ အငြိမ်းစားယူတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်တော့ အတွေ့အကြုံ အတော်ရှိတယ်။ သူဟာ ဟိုးအောက်ခြေကနေ တက်လာတယ်။ တရားစီရင်ပြီး အမှုတွေလည်း အများကြီး စစ်ခဲ့တယ်။ အဲလို တရားစီရင်ရေးမှာ ထဲထဲဝင်ဝင်ပါပြီးတော့ တက်လာတယ်။ တော်တော်ကို အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်ဖြစ်တော့ ဒီတခါ ဖွဲ့ထားတဲ့အဖွဲ့ဟာ တော်တော် အားရကျေနပ်စရာ ကောင်းတာကို တွေ့ရပါတယ်။”

ဦးမြသိန်းကို ရွေးချယ်သင့်တယ်ဆိုပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းကနေပြီး သမ္မတဆီ သ၀ဏ်လွှာပေးပို့တယ်လို့ သိရတယ်။ အဲအတိုင်း သမ္မတက ဦးမြသိန်းကို ဥက္ကဋ္ဌအဖြစ် ခန့်ပြီးတော့ အဖွဲ့ဖွဲ့လိုက်တယ်။ တခု တွေးစရာရှိတာက သမ္မတအနေနဲ့ ပြီးခဲ့တဲ့ ခုံရုံးတုန်းက လွှတ်တော်နဲ့ ထိပ်တိုက်တွေ့တော့ အခု လွှတ်တော်က ဒီလူကတော့ ဥက္ကဋ္ဌ ရွေးသင့်ပါတယ်ဆိုပြီးပြောတော့ ကယ်-ရွေးပေးတယ်ဆိုပြီး လုပ်တယ်။ နောင် လွှတ်တော်နဲ့ ခုံရုံးနဲ့ ထိပ်တိုက်တွေ့ရင် အချင်းချင်း ရှင်းကြဆိုတဲ့သဘောလား။ ဘယ်လိုမြင်ရလဲ။

“မဟုတ်ဘူးဗျ။ အဲလိုပြောစရာဖြစ်သွားတာပါ။ ပြောစရာဖြစ်သွားအောင်လည်း အကြောင်းတွေက တိုက်ဆိုင်တယ်။ တကယ်တမ်းကျတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥပဒေကို ကြားထဲမှာ ကျနော်တို့ ပြန်ပြင်လိုက်ပါတယ်။ ဘယ်လိုပြင်လဲဆိုတော့ မပြင်ခင် ပထမဥပဒေမှာက ခုံရုံးဥက္ကဋ္ဌကို နိုင်ငံတော်သမ္မတကနေ နှစ်သက်တဲ့လူတယောက်ကို အဆိုပြုရမယ်။ ပြည်ထောင်စုလွှတ်တော်ကို တင်ပြရမယ်။ ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုပေးရမယ်။ ပြင်လိုက်တဲ့ဥပဒေမှာကျတော့ ခုံရုံးဥက္ကဋ္ဌကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌများနဲ့ တိုင်ပင်ပြီးတော့ သမ္မတက ပြည်ထောင်စုလွှတ်တော်ကို အမည်စာရင်းတင်သွင်းရမယ်လို့ ပြင်ထားတယ်။  ပထမဥပဒေကနေ ဒီဥပဒေပြောင်းသွားတဲ့အခါ ဦးရွှေမန်းက တခါတည်း ပြင်ထားတဲ့ဥပဒေနဲ့အညီ သူတို့ဘက်က သဘောထားကို သမ္မတကြီးကိုပြောလိုက်တယ်။ သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခုံရုံးဥက္ကဋ္ဌကို တကယ်ရွေးနိုင်တာက နိုင်ငံတော်သမ္မတပဲ။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကပြောပေမယ့်လည်း သမ္မတက သဘောမတူရင် သူကြိုက်နှစ်သက်သူကို တင်လို့ရတယ်။ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေအရ။ သို့သော်လည်း နိုင်ငံတော်သမ္မတက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း အကြံပြုတဲ့ ဦးမြသိန်းဟာ ဥက္ကဋ္ဌရာထူးနဲ့ သင့်တော်လို့ခန့်တယ်လို့ ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ အချက်အလက်တွေကြည့်လိုက်ရင် ဦးမြသိန်းဟာ သင့်တော်တဲ့ ပုဂ္ဂိုလ်တယောက် ဖြစ်တယ်။ ကျန်တဲ့လူတွေကို မသင့်တော်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ ဆိုလိုတာက သူတို့ရွေးချယ်ထားတဲ့ လုပ်သက်၊ အတွေ့အကြုံ၊ အခြေအနေ၊ ပညာအရရောပေါ့။ အကုန်လုံး အားလုံးကိုချိန်ကြည့်ရင် နိုင်ငံတော် သမ္မတကြီးဟာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ အကြံပြုချက်ကို သဘောတူလို့ တင်ပေးတယ်လို့ ဒီလိုပြောတာက ပိုကျိုးကြောင်းဆီလျော်တယ်။ ဒီလိုမျိုး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအကြံပြုတာ တင်ပေးလိုက်မယ်။ နောက်ပြဿနာ ကိုယ့်ဟာကိုယ်ပဲ ဆိုတဲ့ သဘော။ ဒါကတော့ ကျနော်တို့လည်းကြားပါတယ်. ဒီလိုပြောတော့ ပြောနေကြတယ်။ သို့သော် ဒါကထင်မြင်ချက်သပ်သပ်ပဲဖြစ်ပြီး ကျိုးကြောင်းဆက်စပ်မှု သိပ်မရှိဘူး။”

ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဖွဲ့စည်းမှုနဲ့ ပတ်သက်ပြီး တခြားဘာများပြောချင်တာ ရှိပါသေးလဲ။

“ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးကတော့ လက်ရှိ ကျနော်တို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရှိရမှာပေါ့။ ပုဂ္ဂိုလ်ရေးအမြင်ပြောရရင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဟာ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေဟောင်းမှာ မပါဘူး။ မရှိဘူး။ တရားရေးဆိုင်ရာလုပ်ပိုင်ခွင့် အာဏာအားလုံးကို တရားလွှတ်တော်ချုပ် (Supreme Court) မှာပဲ တစုတစည်းထဲထားပြီး ကျင့်သုံးခဲ့တယ်။ ကျနော့်အယူအဆဆိုရင် တကယ်လို့များ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခွင့်ရရင် နောင်အခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးဆိုတာကို သီးသန့် မထားတော့ပါဘူး။ ဘာလို့လဲဆိုတော့ သူ့ရဲ့ လုပ်ငန်းတာဝန်က အတော်နည်းပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်တာ၊ လွှတ်တော်အသီးသီးက ပြဋ္ဌာန်းတဲ့ ဥပဒေတွေ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီ၊ မညီတို့၊ နောက် ပြည်နယ်နဲ့ ပြည်မကြား ပြဿနာတို့။ ဒါတွေအားလုံးကို အရင်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကိုင်တွယ်ဆောင်ရွက်ပါတယ်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အနေနဲ့ လုပ်နိုင်တယ်။ ကျနော်ဆိုလိုတာက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ လုပ်ငန်းတာဝန်ကလည်း ဥပဒေနဲ့ဆိုင်တဲ့လုပ်ငန်းတာဝန်ပဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ လုပ်ငန်းတာဝန်ကလည်း ဥပဒေနဲ့ဆိုင်တဲ့လုပ်ငန်းတာဝန်ပဲ။ ဥပဒေဆိုင်ရာ လုပ်ငန်းတာဝန်ကို ဆောင်ရွက်ဖို့ ကျနော်တို့ တိုင်းပြည်ရဲ့အနေအထားအရ ရုံး ၂ ရုံး ခွဲထားဖို့ မလိုပါဘူး။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုပဲ လက်ရှိ  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့ အာဏာတွေကို အပ်လိုက်ရင် တရားရေးအာဏာအားလုံးက စုစုစည်းစည်းဖြစ်သွားမယ်။ နေရာဌာနတခုထဲမှာလည်း ရှိသွားမယ်။ ဒါ့အပြင် တာဝန်ထမ်းဆောင်ရမယ့် ပုဂ္ဂိုလ်တွေလည်းနည်းသွားမယ်။ ဒါဆိုရင် နိုင်ငံတော်ရဲ့ ဘတ်ဂျက် အများကြီး သက်သာသွားမယ်။ စီမံခန့်ခွဲရတဲ့အပိုင်းလည်း အများကြီးသက်သာသွားမယ်။ အမှန်တော့ ခုံရုံးဟာ မလိုဘူး။ ခုံရုံးရဲ့ လုပ်ငန်းတာဝန် တရားလွှတ်တော်ချုပ်ကိုအပ်လိုက်ရင် တခုတည်းနဲ့ အလုပ်ပြီးပါတယ်။ ဒါ ကျနော့်ပုဂ္ဂိုလ်ရေးထင်မြင်ချက်ပါ။”

ဖေဖော်ဝါရီ ၂၅ ရက်က ဖွဲ့စည်းတာဝန်ပေးလိုက်တဲ့ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှာ ဥက္ကဋ္ဌ အဖြစ် ဦးမြသိန်း (အငြိမ်းစားညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်)၊ အဖွဲ့ဝင်တွေက  ဦးမြင့်ဝင်း ၊ ဦးသန်းကျော်၊ ဒေါ်လှမျိုးနွယ်၊ ဦးမြသိန်း၊ ဦးမြင့်လွင်၊ ဦးတင်မြင့်၊ ဒေါ်ကျင်စန်းနဲ့ ဦးမျိုးချစ်တို့ ပါဝင်ပါတယ်။

အရင် အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၆ ရက်က သူတို့ရဲ့သဘောဆန္ဒအလျှောက် ရာထူးမှ နုတ်ထွက်ခွင့်ပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013