မန္တလေးတက္ကသိုလ်သပိတ် လှန်မလှန် ကျောင်းသားထုအစည်းအဝေးအရ ဆုံးဖြတ်မည်
Aung Aung Naing
·
January 30, 2020
မန္တလေးတက္ကသိုလ်ကျောင်းသားသပိတ် လှန်မလှန်ကိစ္စနဲ့ပတ်သက်ပြီး ကျောင်းသားထု အစည်းအဝေးရဲ့သဘောတူညီချက်အရအတည်ပြုပြီးမှ ဆုံးဖြတ်သွားမယ်လို့ သပိတ်မှောက် ကျောင်းသားတွေက ပြောပါတယ်။
သပိတ်မှောက်ကော်မတီဝင် မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုဝေယံထက်က “ရက်ပေါင်း ၄၉ ရက်ကြာပြီဖြစ်တဲ့ မန္တလေးတက္ကသိုလ် ကျောင်းသားများ သပိတ်မှောက်တာကို ပြန်ပြီးလှန်မလှန်ကို ကျောင်းသားထု အစည်းအဝေးက ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ကျောင်းသားထုအစည်းအဝေးကို ဒီကနေ့ဇန်နဝါရီ ၃၀ ရက်နေ့မှာ ပြုလုပ်သွားမည်ဖြစ်ပြီး ကျောင်းသားထုအစည်းအဝေး ဆုံးဖြတ်ချက်အရ သပိတ်မှောက်ခဲ့တာဖြစ်လို့ ကျောင်းသားထု ဆုံးဖြတ်ချက်နဲ့ပဲ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
မန္တလေးတက္ကသိုလ်ဝင်းအတွင်းတွင် Food Court တည်ဆောက်မှုနှင့်ပတ်သက်ပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂက စက်တင်ဘာလ ၂ ရက်က စတင်ကာ စက်တင်ဘာ ၈ ရက်အထိ ပင်မဆောင်ရှေ့မှာ သပိတ်စခန်းဖွင့်ပြီး တောင်းဆိုခဲ့ကြပြီး ဇန်နဝါရီ ၉ ရက်က တကျော့ပြန် ပြန်လည် သပိတ်စခန်းဖွင့်ကာ တောင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။
ကျောင်းသားသပိတ်နဲ့ပတ်သက်ပြီး မန္တလေးတက္ကသိုလ် သပိတ်မှောက်ကော်မတီ ၉ ဦးနဲ့ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းအပါအဝင် မန္တလေး တက္ကသိုလ် ဒုတိယ ပါမောက္ခချုပ်နှစ်ဦးတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မန္တလေး တက္ကသိုလ်နယ်မြေအတွင်း Food Court ဆောက်လုပ်တာနဲ့ ပတ်သက်ပြီး ပါမောက္ခချုပ်ဒေါက်တာသီတာဝင်းကို နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်အရ ဇန်နဝါရီ ၂၈ ရက်ကစတင်ပြီး တာဝန်မှအငြိမ်းစားပေးခဲ့ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် မန္တလေးတက္ကသိုလ် စီမံရေးရာဌာနမှူး ဒေါ်သန်းအေးကိုလည်း အခြားတက္ကသိုလ်တခုကို ပြောင်းရွှေ့ထားပြီး ဖြစ်ပါတယ်။