
တရုတ်နိုင်ငံအလယ်ပိုင်း၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့က စတင်ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကယားပြည်နယ်မှာ ကြိုတင်စီမံ စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။
ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မြန်မာနိုင်ငံတွင်း သံသယလူနာမတွေ့ရသေးပေမယ့် ကူးစက်မှုမရှိစေဖို့ ကယားပြည်နယ် ပြည်နယ်ကျန်းမာရေးဌာနက ကြိုတင်စီမံဆောင်ရွက်နေသလို နိုင်ငံခြားသား အဝင်အထွက်များတဲ့ လေဆိပ်မှာ ဖျားနာချောင်းဆိုးခြင်းစတဲ့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ် သံသယလက္ခဏာတွေ ရှိ/မရှိ စစ်ဆေး လုပ်ဆောင်နေပါတယ်။
လွိုင်ကော်လေဆိပ်မှာ ဇန်နဝါရီ ၂၉ ရက်ကစပြီး စတင်စစ်ဆေးနေသလို အဝေးပြေး ကားဂိတ်နဲ့ ဟိုတယ်တွေမှာလည်း ရောဂါကူးစက်မှုမရှိရေး ကြိုတင်ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ လွိုင်ကော်မြို့နယ် ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာထွန်းနေဝင်းက ပြောပါတယ်။
“ ကျနော်တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ မီဒီယာ ကွန်ဖရန့်လုပ်တယ်။ ပြီးတော့ ညနေပိုင်းမှာ ကားဂိတ်တွေ၊ လေဆိပ်တွေမှာ ရောဂါလက္ခဏာ သတိပေးကြေညာချက်တွေ လိုက်ကပ်တယ်။ လေယာဉ်ကွင်းမှာ မနေ့က စပြီးတော့ ဝင်လာတဲ့လူတွေ နိုင်ငံခြားသားတွေ ဖျားနာတာ၊ ချောင်းဆိုတာရှိမရှိ စစ်ဆေးတယ်ပေါ့နော်။ ”
ဒီလိုစစ်ဆေးမှုတွေကို ရောဂါကူးစက်ပျံ့နှံ့မှု စိုးရိမ်စရာအခြေအနေ မရှိတော့တဲ့အထိ လုပ်ဆောင်သွားမှာဖြစ်ပြီး လေဆိပ်မှာ စစ်ဆေးပြီးတဲ့ ၂ ရက်အတွင်းမှာ ဖျားနာတာ ချောင်းဆိုးတာ စတဲ့ သံသယလူနာမတွေ့ရသေးဘူးလို့ ပြောပါတယ်။
ဒါပြင် လေယာဉ်နဲ့မဟုတ်ဘဲ ကုန်းလမ်းနဲ့ဝင်လာတဲ့ နိုင်ငံခြားသား ခရီးသည်စာရင်းတွေကို ကောက်ခံထားပြီး ဟိုတယ်တွေ၊ ကားဂိတ်တွေမှာ ဖျားနာချောင်းဆိုးတဲ့ သံသယလူနာတွေ့ရှိပါကလည်း ကျန်းမာရေးဌာနကို အချက်ချင်း အကြောင်းကြားဖို့ သတိပေးထား တယ်လို့လည်း ပြောပါတယ်။
ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးမှူး ဒေါက်တာဌေးအောင်က “ပြည်သူတွေအနေနဲ့ မိမိကျန်းမာရေးကို ဂရုစိုက်ကြဖို့၊ တကိုယ်ရေသန့်ရှင်းရေးနဲ့ လက်ကိုဆေး ကြောဖို့၊ ချောင်းဆိုးနှာချေရင် လက်ကိုင်ပုဝါအသုံးပြုဖို့၊ တတ်နိုင်သမျှ လူအုပ်စုထဲ မသွားဖို့၊ အထူးသဖြင့် အသက်အရွယ်ကြီးတဲ့လူတွေနဲ့ အသက် ၅ နှစ်အောက်ကလေးငယ်တွေကို အထူးဂရုစိုက်ဖို့လိုအပ်ကြောင်း” ဇန်နဝါရီ ၂၈ ရက်က မီဒီယာတွေကို တွေ့ဆုံရှင်းလင်းခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ ဦးရေဟာ ၁၇၀ ယောက်ထိ မြင့်တက်သွားပြီး ကူးစက်ခံ ဦးရေ ၇၈၀၀ ကျော်ရှိသွားပြီလို့ တရုတ်အစိုးရက ထုတ်ပြန်ပါတယ်။











