DVB Logo
Home
မြန်မာသတင်း
မြန်အောင်မြို့နယ်တွင် မိုးခေါင်ပြီး စပါးအထွက်နှုန်းကျသဖြင့် လယ်သမားများအခက်ကြုံ
DVB
·
January 29, 2020
မြန်အောင်မြို့နယ်တွင် မိုးခေါင်ပြီး စပါးအထွက်နှုန်းကျသဖြင့် လယ်သမားများအခက်ကြုံ
Donate to DVB

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ကညင်ငူကျေးရွာအုပ်စုက လယ်မြေဧက ၅၀၀ ကျော်လောက်ဟာ မိုးခေါင်လို့ပျက်စီးတာနဲ့ မြို့နယ်တွင်းက ကျေးရွာတချို့မှာ မိုးစပါးအထွက်နှုန်း ကျဆင်းတာတွေကြောင့် လယ်သမားတွေ မြန်မာ့စိုက်ပျိုးရေးဘဏ်က ချေးယူထားတဲ့ချေးကို ပြန်ဆပ်ဖို့နဲ့ စားဝတ်နေရေးတွေ ခက်ခဲနေကြပါတယ်။

လယ်သမား ၁၀၀ ကျော်လောက်ဟာ အရှုံးပေါ်ကာ စိုက်ပျိုးစရိတ် ချေးငွေပြန်ဆပ်ဖို့ အခက်အခဲနဲ့ တွေ့ကြုံနေကြရတာလို့ ကညင်ငူကျေးရွာအုပ်စုနေ  လယ်သမား ဦးသံနိုင်ဦးက ပြောပါတယ်။

 “အောင်ရေ ရရမယ့်အချိန် မိုးခေါင်သွားတဲ့အတွက် လယ်တွေက မအောင်မမြင်ဖြစ်ပြီး လယ်တွေဟာ တံစဉ်လွတ်တွေဖြစ်ကုန်ရော၊ အဲမှာလည်း အောင်ကျင်းလယ်တွေနဲ့ ပတ်သက်လို့ ရေရှိတဲ့လယ်တွေကျတော့လည်း သီးလုံးပိုးတွေဝင်ပြီး တဧကမှ ၂၀ တင်းနှုန်းလောက် ထွက်ကြတော့ ကျနော်တို့ ရိတ်ခြွေခတောင် မကျေနိုင်တော့ ကျနော်တို့ လယ်သမားတွေမှာ တအာ းအခက်အခဲတွေဖြစ်နေရပါတယ်”

မြန်အောင်မြို့နယ်မှာ ကျေးရွာအုပ်စု ၆၉ အုပ်စုရှိပြီး အဓိက စပါး၊ မတ်ပဲနဲ့ ပြောင်းတွေကို စိုက်ပျိုးနေကြတာပါ။ အခုနှစ်စပါးစျေး ကျဆင်းတာ မိုးစပါးအထွက်နှုန်းတွေ ကျဆင်းနေတာ တွေရယ် ပျက်စီးတာတွေကြောင့် လယ်သမားတွေ အခက်အခဲဖြစ်ပေါ်နေကြတာပါ။

မြန်အောင်မြို့နယ် ကညင်ငူရွာသစ်ကျေးရွာနေ ဦးကိုဝင်းက “ကျနော်တို့ ဒီအောင်ရေပေါ့နော် စပါးတွေ အဖုံးအလုံးချိန်တွေမှာ မိုးပြတ်သွားတယ်။ ဆက်မရွာတော့တဲ့အခါကျတော့ အကုန်လုံး ငေါက်တောက်ကြီး ဖြစ်ကုန်တာ။ အဲကြောင့် ကျနော်တို့တွေ ကညင်ငူမှာ ဧက ၅၀၀ လောက်လောက်ရှိတယ်ပေါ့ဗျာ။ အဲမှာလယ်သမား ၁၀၀ ကျော်လောက်က စိုက်ဘဏ်ကိုပြန်ဆပ်ဖို့ အခက်ကြုံနေကြရတာပေါ့ဗျာ။ အဲတော့ စိုက်ဘဏ်က ငွေပြန်ဆပ်ဖို့ကို ဆိုင်းငံပေးဖို့ မေတ္တာရပ်ခံပါတယ်”လို့ ပြောပါတယ်။

မြန်အောင်မြို့နယ်တွင်းက လယ်သမားတွေကို မြန်မာစိုက်ပျိုးရေးဘဏ်က ၂၀၁၉ မိုးစပါးချေးငွေကို စိုက်ပျိုးချိန် ၂၀၁၉ ခုနှစ်မိုးရာသီမှာ ထုတ်ချေးပီ ခု ၂၀၂၀  ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းမှာ ပြန်လည်ပေးဆပ်ရမှာပါ။

ကညင်ငူကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူး ဦးသက်စိုးအောင် က “ခုဒီဘက်ကွင်းတွေက လယ်သမားတွေကလည်း တင်ပြတယ်လေ။ ကျနော်လည်း ကွင်းဆင်းကြည်တယ်။ ခုမြင်တဲ့ အတိုင်းပဲလေ တပင်မှမရိတ်လိုက်ရဘူး။ ကြက်စားတောင်ရမှာ မဟုတ်ဘူး။ အမှန်တကယ် ပျက်စီး သွားတာလေ”လို့ ပြောပါတယ်။

ခုလိုကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ဘဏ်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတဆင့် သက်ဆိုင်ရာအထက်အဆင့်ဆင့်ကို တင်ပြသွားမယ်လို့လည်း လယ်သမားတွေက ပြောပါတယ်။

ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ် ၅ ခုလုံးမှာ စပါးစျေး ကျဆင်းတာတွေနဲ့ ပျက်စီးဆုံးရှုံးတာတွေကြောင့် လယ်သမားတွေ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013