တပ်မတော်တပ်ရင်းမှူးကို ဆွဲမိုင်းဖြင့်တိုက်ခိုက်ခဲ့ခြင်းမဟုတ်ဟု ကေအန်ယူငြင်းဆို

တပ်မတော် ခမရ ၇၀၈ က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ကျော်စိုး သေဆုံးသွားတာဟာ ဆွဲမိုင်းနဲ့ တိုက်ခိုက်လို့မဟုတ်ဘဲ လုံခြုံရေးအရ ထောင်ထားတဲ့ ကားမိုင်းကို တပ်မတော်က ရှင်းလင်းစဉ်မိုင်းကွဲသေဆုံးခဲ့တာလို့ ကေအန်ယူ တပ်မဟာ (၅) ပြောခွင့်ရသူ ဗိုလ်မှူး ကလယ်ဒိုက ပြောပါတယ်။
မိုင်းကွဲခဲ့တဲ့နေရာမှာ ကေအန်ယူနဲ့ အစိုးတပ်အကြား အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပြီးနောက်ပိုင်း တပ်မတော်အနေနဲ့ တပ်စခန်းတွေအတွက် ရိက္ခာသယ်ယူပါက လူ (သို့မဟုတ်) မြင်းကိုသာ အသုံးပြုဖို့ သဘောတူခဲ့ပြီး ကားနဲ့သွားခွင့်ပြု မထားဘူးလို့ ဆိုပါတယ်။
အဆိုပါနေရာကို ကားနဲ့သွားခွင့်မပြုတာကြောင့် ကေအန်ယူဘက်က ကားမိုင်း ထောင်ထားတာဖြစ်ပြီး တပ်မတော်ဘက် အဆိုပါနေရာမှာ ကားမိုင်းတွေကို သွားရောက်ရှင်းလင်းရာကနေ အခုလိုဖြစ်ရတာလို့ ဗိုလ်မှူးကလယ်ဒိုက ပြောပါတယ်။
“တပ်မဟာ ၅ ထဲကျော်လာလို့ရှိရင် လူသို့မဟုတ် မြင်းနဲ့ ရိက္ခာသယ်ရတယ်။ ဒီဘက်က ကျတော့ ကားနဲ့ခွင့်မပြုဘူးလေ။ ဒါပေမယ့် အခုဟာ သူတို့က ကားလမ်းဖောက်ဖို့ ကြိုးစားလာ တယ်။ ခေးပူအထိပေါ့လေ။ အဲဒါကို ကျနော်တို့က ခွင့်မပြုဘူး။ နောက်သွားတွေ့တဲ့အချိန်မှာလည်း ကျနော်တို့က ခွင့်မပြုဘူးလို့ ပြောထားပြီးသားပဲ ဖြစ်တယ်။ ဒါပေမယ့်သူတို့က ကားနဲ့ပို့ဖို့၊ ကားလမ်း ဖောက်ဖို့ သူတို့က စီစဉ်လာတယ်။ လမ်းကင်းတွေချတယ်။ ကျနော်တို့က ခွင့်မပြုတဲ့အပေါ်မှာ မလာအောင်၊ လာလို့ရှိရင် အခက်အခဲဖြစ်အောင်ဆိုပြီးတော့မှ ဒီ ကားလမ်းပေါ်မှာ ကားမိုင်းတွေ သူတို့သွားချထားတယ်။ ချထားတော့ တပ်မတော်ဘက်ကနေပြီးတော့ သူတို့လာပြီး လမ်းကင်းချပြီးတော့ မိုင်းတွေ လိုက်ရှင်းတာပေါ့။ ရှင်းတော့ တပ်မဟာ ၅ ဘက်ထောင်ထားတဲ့ ကားမိုင်းကို သွားတွေ့တယ်။ သွားတွေ့တော့ သူတို့ဘာသာ သူတို့ဖောက်ခွဲလိုက်တယ်။ သူတို့ဖောက်ခွဲတဲ့ အချိန်မှာ သူတို့ကိုယ်သူတို့ ပြန်ပြီးတော့ ထိတာပေါ့လေ။ ဒီဘက်ကနေ ဆွဲမိုင်းနဲ့ သွားပြီးတော့ ဆွဲတာမဟုတ်ဘူးနော်။ အဲဒီကားမိုင်းကို သူတို့ဖောက်ခွဲလို့ သူတို့ပြန်ထိတာ။ ”
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်နဲ့ ဖာပွန်မြို့နယ်အကြားမှာ ထင်းရှူးတောင်အနီးမှာ ဇန်နဝါရီ ၂၇ ရက် ညနေ ၃ နာရီမှာ လမ်းကြောင်းသွားရောက်ကြည့်ရှုတဲ့စစ်ကြောင်း ဆွဲမိုင်းနဲ့ တိုက်ခိုက်ခံရတာဖြစ်ပြီး စကခ (၄) လက်အောက်ခံ ခမရ ၇၀၈ စကမှူး၊ ဒုမှူးကြီးအောင်ကျော်စိုး ကျဆုံးသွားခဲ့တာလို့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ပြောခွင့်ရသူ ဗိုလ်မှူးကြီး ကျော်စိုးမိုးက ဒီဗွီဘီကို ပြောပါတယ်။
ကေအန်ယူဟာ အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (အန်စီအေ) မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့ဖြစ်ပြီး အန်စီအေထိုးပြီးကတည်းက အခုချိန်ထိ နယ်မြေကိစ္စနဲ့ ပတ်သက်ပြီး အသေအချာတွေ့ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးပါဘူး။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တပ်မဟာ၊ တပ်ရင်းဌာနချုပ်စခန်းတွေမှာ မြန်မာ့တပ်မတော်ဘက်က ဒရုန်းတွေ စေလွှတ်ပြီး စုံစမ်းထောက်လှမ်းတဲ့အပေါ် ကေအန်ယူ တပ်မဟာ ၅ ဌာနချုပ်က ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီဆီကို ဇန်နဝါရီ ၂၁ ရက်က ကန့်ကွက်လွှာပေးပို့ထားပါတယ်။











