
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ သဖန်းတုန်းကျေးရွာမှာ ဇန်နဝါရီ ၂၆ ရက် ညနေ ၆ နာရီလောက်က အမျိုးသားတဦး ဓားနဲ့ခုတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဆိပ်ဖြူမြို့မရဲစခန်းက သိရပါတယ်။
ရွာမှာ ဝက်သားပေါက် လာရောက်ရောင်းချသူ အမျိုးသားတဦးကို စိတ်မမှန်တဲ့ ဒေသခံအမျိုးသားတဦးက ကိုင်းခုတ်ဓားနဲ့ လည်ပင်းကို ခုတ်သတ်ခဲ့တာလို့ ဆိပ်ဖြူမြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးဝင်းက ပြောပါတယ်။
"စိတ်ပိုင်းဆိုင်ရာ အားနည်းတယ်။ သတ်တဲ့ ကောင်လေးက ထိုင်းကို သွားပြီး အလုပ်လုပ်နေရာက ကျန်းမာရေးမကောင်းလို့ ပြန်လာတယ်။ ဒီမှာဆေးကုလို့ပြန်ကောင်းတော့ ဖားကန့်ကို ပြန်တတ်သွားတယ်။ ဖားကန့်ကနေ ကျန်းမာရေး မကောင်းလို့ ပြန်ရောက်တာ နှစ်ရက် သုံးရက်လောက်ပဲရှိသေးတယ်။ သူက စိတ်ကျန်းမာရေး မကောင်းတော့ မိသားစုတွေက စိတ်ကျန်းမာရေးပြဖို့ တိုင်ပင်နေတဲ့အချိန် အဲလိုဖြစ်သွားတာ။ ဘာမှ ရန်ငြိုးရန်စမရှိပါဘူး။" လို့ပြောပါတယ်။
ပေါက်မြို့နယ် ရှားပင်ရေကျေးရွာနေ ဝက်သားပေါက် ရောင်းချသူ နေထက်လင်း ၂၄ နှစ်ဟာ ဝက်ကောင်ငယ်တွေ ရောင်းချဖို့ ဆိပ်ဖြူမြို့နယ် သဖန်းတုန်းကျေးရွာသို့ ရောက်လာပြီး ဖုန်းစကားပြောနေစဉ် သဖန်းတုန်းကျေးရွာနေ စိတ်ပုံမှန်မဟုတ်သူ နိုင်အောင်ထူး ၂၅ နှစ်က အနောက်ကနေဝင်ရောက်လာပြီး နေထက်လင်းရဲ့ လည်ပင်းကို ကိုင်းခုတ်ဓားနဲ့ခုတ်ခဲ့တဲ့အတွက် ခန္ဓာကိုယ်နဲ့ ဦးခေါင်းတခြားစီဖြစ်ကာ သေဆုံးသွားခဲ့တယ်လို ဆိပ်ဖြူမြို့မရဲစခန်းမှ သိရပါတယ်။
ဆိပ်ဖြူမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့အမှုရေးဖွင့်ထားပြီး ဓားနဲ့ခုတ်ခဲ့သူ နိုင်အောင်ထူး ကို ဖမ်းဆီးနိုင်ရေးအတွက် ရဲတပ်ဖွဲ့က တောနင်းရှာဖွေနေပါတယ်။
သတင်း - ကိုလင်း (ချောက်)











