
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မီဒီယာမှာ သတင်းအမှား၊ သတင်းအတုဖြန့်နေတာတွေကို အစိုးရအပါအဝင် ပြန်ကြားရေးဝန်ကြီးဌာနဲ့ သတင်းဌာနတွေအသီးသီးတွေ ပူးပေါင်းပြီး ထိရောက်စွာ အရေးယူဆောင်ရွက်ဖို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တာဝန်ရှိသူက တိုက်တွန်း ပြောပါတယ်။
ဒါ့အပြင် အွန်လိုင်းကနေ သတင်းတွေကို ခွဲခြမ်းစိတ်ဖြာပြီး သတင်းတု သတင်းအမှားတွေ ဘယ်နည်းလမ်းမျိုးနဲ့ သိနိုင်မလဲ၊ ဘယ်လိုအကြောင်းအရာတွေက မယုံသင့်သလဲ၊ ဘယ်လို အင်္ဂါရပ်တွေနဲ့ ဆန်းစစ်မလဲဆိုတာကို ပညာပေးအနေနဲ့ လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။
အခုလို ဖေ့စ်ဘွတ်ခ်ပေါ်မှာ သတင်းအမှား၊ သတင်းအတုဖြန့်နေတာတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေ ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ဖို့ လိုတယ်လို့ News Watch သတင်းဌာနက သတင်းထောက်တဦးက ပြောပါတယ်။
သတင်းအမှား၊ သတင်းအတုတွေ ဖြန့်နေတာကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။
မီဒီယာနဲ့ သတင်းအချက်အလက်ဆိုင်ရာအားနည်းနေတဲ့အချိန်မှာ အခုလို သတင်းအမှား၊ သတင်းအတုတွေ ထွက်ပေါ်လာပြီး ပြည်သူတွေအနေနဲ့ တွေ့သမျှ မြင်သမျှယုံလိုက်ရင်တော့ မြန်မာနိုင်ငံရဲ့ အရွေ့က ပိုမိုရှုပ်ထွေးလာနိုင်တယ်လို့ First Weekly Journal ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ပြည်သူတွေအနေနဲ့ သတင်းအမှားနဲ့ သတင်းအမှန် ခွဲခြားတတ်အောင် မီဒီယာနဲ့ သတင်းအချက်အလက်ဆိုင်ရာ ဟောပြောပွဲတွေ လုပ်ဆောင်ဖို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကတိုက်တွန်းလိုက်ပြီး အဲ့ဒီလို မလုပ်ဆောင်ရင်တော့ ရေရှည်မှာ ပဋိပက္ခတွေဖြစ်တဲ့အထိ ဆိုးရွားလာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။










