အမ်းမြို့နယ်တွင် ကလေးငယ်များ ဝက်သက်(သံသယ) ရောဂါဖြစ်ပွား ၁ ဦး သေဆုံး
DVB
·
January 27, 2020

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂဏန်းပြင်ကျေးရွာအုပ်စု၊ သလူမော်ကျေးရွာမှာ ဇန်နဝါရီ ၂၀ ရက်ကစတင်ပြီး ကလေးအများစုမှာ ဝက်သက်(သံသယ) ရောဂါဖြစ်ပွားနေကာ ကလေးငယ် ၁ ဦး သေဆုံးသွားပါတယ်။
ရောဂါဖြစ်ပွားတဲ့ ကလေးငယ်တွေထဲက စိုးရိမ်ရတဲ့ ကလေး ၆ ဦးကို ကျောက်ဖြူမြို့နယ်ကို ဇန်နဝါရီ ၂၅ ရက်နေ့က ပို့ဆောင်ခဲ့ပြီးနောက် ဆေးကုသမှုခံယူနေစဉ်အတွင်း ကလေးတဦး သေဆုံးသွားခဲ့တာလို့ သလူမော်ကျေးရွာလူကြီး ဦးခင်မောင်ဝင်းက ပြောပါတယ်။
“ဖြစ်တာတော့ ၂၀ရက်နေ့က စဖြစ်ကြတာပါ၊ အသက်က ၁၈ နှစ်အောက် ကလေးငယ်တွေ အဖြစ်များပါတယ်။ ဖြစ်တဲ့ပုံစံကတော့ ကျနော်တို့ ငယ်ငယ်တုန်းက ဝက်သက်ရောဂါဖြစ်ပွါးတဲ့ ပုံစံမျိုးပါ၊ ရောဂါက ကူးစက်တာလားတော့ မသိဘူး။ အခုဆိုရင် ကလေးငယ် ၄၀ ကျော်လောက် ဖြစ်နေကြတယ်။ အဲဒီဖြစ်နေတဲ့အထဲက စိုးရိမ်ရတဲ့ ကလေး ၆ ယောက်ကို ကျောက်ဖြူမြို့မှာ ဆေးကုသဖို့သွားကြတယ်။ အဲဒီမှာ ကျောက်ဖြူခရိုင် ဆေးရုံမှာ အသက် ၁၅ နှစ်အရွယ် မောင်ရဲထွန်းကျော်ဆိုတဲ့ကလေးကတော့ ဆုံးသွားတယ်လို့ သိရတယ်။ သူတို့မိသားစုတွေ ပြောတာကတော့ အဆုတ်ရောင်ရောဂါဆိုပြီးတော့ ပြောနေကြတယ်”လို့ ပြောပါတယ်။
ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးမှာ သလူမော်ကျေးရွာကနေပြီးတော့ တက်ရောက် ကုသနေတဲ့ လူနာတွေကတော့ ကလေးဆောင်မှာ ၃ ဦးနဲ့ ဖျားနာဆောင်မှာ ၁ ဦး ဖြစ်ပါတယ်။
ဖျားနာဆောင်မှာတက်ရောက်နေတဲ့ ကလေးကတော့ သေဆုံးသွားခဲ့ကာ ကလေးငယ်တွေမှာ ဝက်သက်(သံသယ) ရောဂါကို တွေ့ရှိရပြီး အဆိုပါရောဂါမှာ ကူးစက်နိုင်ကာ လက်ရှိ အချိန်မှာ တော့ ကလေးငယ်တွေရဲ့ သွေးရည်ကြည်ကိုယူပြီးတော့ ရန်ကုန်မြို့ကို ပို့ဆောင်က စစ်ဆေးနေတယ်လို့ ကျောက်ဖြူခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာနေလင်းက ပြောပါတယ်။
အဆိုပါကျေးရွာမှာ အရင်ကဆေးပေးခန်းတခုနဲ့ ကျန်းမာရေးဝန်ထမ်းတွေရှိခဲ့ပေမယ့် လွန်ခဲ့တဲ့ ၄ လလောက်က လုံခြုံရေးစိုးရိမ်ရတာကြောင့် အမ်းမြို့ကိုပြောင်းရွှေ့သွားခဲ့ကြပါတယ်။
ဒါကြောင့်လက်ရှိအချိန် နာမကျန်းဖြစ်ပွားနေတဲ့ ကလေးတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုရရှိဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေကို အကြောင်းကြား ထားပေမယ့် လုံခြုံရေးကြောင့် လာရောက်ကုသပေးနိုင်မှု မရှိသေးဘူးလို့လည်း သလူမော်ကျေးရွာလူကြီး ဦးခင်မောင်ဝင်းက ပြောပါတယ်။
အမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်ကတော့ သလူမော်ရွာက အုပ်ချုပ်ရေးမှူးနဲ့ ဖုန်းအဆက်အသွယ်ရတဲ့အကြောင်းနဲ့ သက်ဆိုင်ရာကလူတွေကိုလည်း လွှတ်ပေးလိုက်တယ်လို့ ပြောပါတယ်။
“သူတို့ဆီက အရေးပေါ် ရောဂါတွေဖြစ်တယ်ဆိုရင်လည်း စက်လှေတွေဘာတွေ စီစဉ်ပြီး မြို့ကိုလာဖို့အတွက် စီစဉ်ပေးထားပြီးပြီ။ ကျနော်တို့က လုံခြုံရေးကောင်းနေရင်တော့ ကျနော်တို့ကိုယ်တိုင် ဆင်းတောင်ဆင်းသွားပေးသေးတယ်။ ကျန်းမာရေးဌာနက ကျနော် လွှတ်ပေး ထားတာ ရှိတယ်။ သူတို့တွေကတော့ ဝန်ထမ်းတွေကတော့ လာရဲဖို့မလာရဲဖို့ကတော့ ကျနော်တို့နဲ့ မဆိုင်ဘူး၊ ကျနော်တို့က တာဝန်ပေးပြီးတော့ လွှတ်ပေးလိုက်ပြီ”လို့ ပြောပါတယ်။
သလူမော်ကျေးရွာဟာ အမ်းမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်ကြားတွင်ရှိကာ ရေလမ်းခရီးကို အဓိက အားထားနေရတာကြောင့် နာမကျန်းဖြစ်ပွားလာပါက ဆေးကုသမှု ခံယူနိုင်ဖို့ သွားရောက်ရာမှာ အခက်အခဲများစွာ ရှိနေပါတယ်။
လက်ရှိအချိန် ရွာမှာနာမကျန်းဖြစ်နေတဲ့ကလေးငယ် ၅၀ ကျော် ထိရှိလာနေပြီးဖြစ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေဖြင့် ကွင်းဆင်းစစ်ဆေး ကုသပေးဖို့ သလူမော် ကျေးရွာဒေသခံတွေက တိုက်တွန်းပြောပါတယ်။
သတင်း- နောင်နောင်