DVB Logo
Home
နိုင်ငံရေး
ICJ နဲ့ ICOE နှစ်ခုကို ဘယ်လို ဖော်ဆောင်ကြမလဲ
DVB
·
January 27, 2020
ICJ နဲ့ ICOE နှစ်ခုကို ဘယ်လို ဖော်ဆောင်ကြမလဲ
Donate to DVB

အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ) က ဇန်နဝါရီ ၂၃ ရက်နေ့က ဆုံးဖြတ်ချက် ၄ ရပ် ချမှတ်ခဲ့ပြီး အသံတွေမျိုးစုံ ထွက်ပေါ်လာခဲ့တယ်။ ကြိုဆိုသူ၊ ကန့်ကွက်သူ၊ အခွင့်အရေး စောင့်မျှော်သူ အစုံစုံပါပဲ။ ထူးခြားတာက တရားသူကြီး ၁၇ ဦးစလုံးက တညီတညွတ်တည်း ဆုံးဖြတ်ချက်ပေးကြခြင်းပါပဲ။ အမှုတခုလုံးအတွက် အနိုင် အရှုံး မဟုတ်ပေမယ့် ကြားဖြတ်စီမံ ဆောင်ရွက်ခွင့်လုပ်ဆောင်ခြင်းပါပဲ။ ဒါကြောင့်လည်း တညီတညွတ်တည်း ဆုံးဖြတ်လိုက်ဟန် ရှိပါတယ်။

ဆုံးဖြတ်ချက်အားလုံးကတော့ ရုံးလုပ်ငန်းတခုရဲ့ လုပ်ထုံးလုပ်နည်းတခုမျှသာလို့ ဆိုရမှာပါ။ သက်သေခံပစ္စည်း မဖျောက်ဖျက်ရေးဟာလည်း တရားရုံးတခုရဲ့ လိုအပ်ချက်ပါပဲ။ ရခိုင်ဒေသမှာရှိတဲ့ မွတ်စလင် ကိုးကွယ်သူတွေကို အကာအကွယ်ပေးရေး ဆိုတာလည်း အစိုးရတရပ်အနေနဲ့ လုပ်ဆောင်ရမယ့် ကျင့်စဉ်တခုပါပဲ။ အိုင်စီဂျေတရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် လုပ်ဆောင်မှုကို လေးလအတွင်း အစီရင်ခံရန်ဆိုတဲ့ အချက်ကလည်း ရုံးလုပ်ငန်းတာဝန်တခု ပိုလာတာထက်မပိုဘူး။

တကယ် ခက်ခဲမှာက ဆုံးဖြတ်ချက် ၂ ပဲ။ ဆုံးဖြတ်ချက် ၄ ခုစလုံးက တချက်နဲ့ တချက် ဆက်စပ်နေပေမယ့် ဆုံးဖြတ်ချက် ၂ ကတော့ အခက်အခဲပိုရှိဟန်ပါပဲ။ မြန်မာတပ်မတော်က ဖြစ်စေ၊ ပြည်သူ့စစ်အဖွဲ့ ဖြစ်စေ၊ အခြားအဖွဲ့အစည်းတခုခုက ဖြစ်စေ၊ ဂျီနိုဆိုက်စာချုပ်အပိုဒ် ၂ ပါ လူမျိုးတုံး သတ်ဖြတ်မှုမြောက်သည့် လုပ်ရပ်များ မကျူးလွန်နိုင်အောင်၊ လှုံ့ဆော်မှုတွေ မဖြစ်အောင် မြန်နိုင်ငံအစိုးရအနေဖြင့် ထိုအဖွဲ့အစည်းများကို ထိန်းချုပ်ကာကွယ်ရမည်” လို့ ဆိုထားပါတယ်။

အိုင်စီဂျေခုံရုံးရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ Xue Hanqin က “အိုင်စီဂျေ ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့တယ် ဆိုပေမယ့် အကြောင်းပြချက်တချို့နဲ့ ပတ်သက်ပြီးတော့ သံသယရှိနေတယ်” လို့ သူ့ရဲ့ သီးခြားသဘောထားမှာ ဖော်ပြထားတယ်။ သူက “တရားရုံးမှ တတင်သွင်းတဲ့ သက်သေအထောက်အထားတွေဟာ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ပြထားပေမယ့် လူနည်းစု တိုင်းရင်းသားတွေအပေါ် မတရားပြုမူ လုပ်ဆောင်တာသာ ဖြစ်ပြီး လူမျိုးတုံး သတ်ဖြတ်မှုလို့ သူ မယူဆကြောင်း” ရေးသားထားတယ်လို့ ဆိုပါတယ်။

ဒီကြေညာချက်မချမှတ်မီ နာရီပိုင်းအလိုမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Financial Times မှာ “Give Myanmar time to deliver justice on war crimes” ဆိုတဲ့ ဆောင်းပါးလည်း ပါရှိလာခဲ့တယ်။ အဓိကကတော့ စစ်ရာဇဝတ်မှုတွေကို တရားစီရင်နိုင်ရန် မြန်မာနိုင်ငံအား အချိန်ပေးစေလိုကြောင်း တင်ပြထားတာပါ။ မြန်မာစစ်တပ်ကလည်း အိုင်စီဂျေက မည်သို့ပင် ဆုံးဖြတ်သည်ဖြစ်စေ အစိုးရ၏ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်မည်လို့ ပြန်ကြားခဲ့ပါတယ်။

အိုင်စီဂျေ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာလူ့အခွင့်အရေးရှေ့နေ ဦးအောင်ထူးကတော့ ဆုံးဖြတ်ချက် ၂ ကို တပ်က လိုက်နာနိုင်မယ် မထင်ဘူးလို့ သုံးသပ်ချက် ပေးသွားခဲ့တယ်။ သူ့အလိုအရက ဆုံးဖြတ်ချက် ၂ အရဆိုရင် ဂျီနိုဆိုက်အချက် ၄-၅ အရ ဥပဒေတရပ် ပြဋ္ဌာန်းပေးရမယ်၊ ဒါကို စစ်တပ်က လက်ခံနိုင်ပါ့မလားလို့ ဆိုပါတယ်။ တခါ ထပ်ပြီးပြောတာက “မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော်အာဏာပိုင်တွေက ဘယ်လောက်ထိအောင် လိုက်နာနိုင်မလဲ။ ဘယ်လို လိုက်နာမလဲဆိုတာ စောင့်ကြည့်ရမှာပါ” လို့ ဆိုပါတယ်။

မြန်မာတပ်မတော်သတင်းမှန်ပြန်ကြားရေးနဲ့ စစ်ဥပဒေချုပ်ရုံး၊ ဒုတိယစစ်ဥပဒေချုပ်ရဲ့ သဘောထားကတော့ “သူတို့လည်း သူတို့လုပ်စရာရှိတာ လုပ်တယ်။ ကျနော်တို့လည်း ကျနော်တို့ရဲ့ စစ်ဘက်ဆိုင်ရာ တရားစီရင်ရေးမူဘောင်နဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်သွားမှာပါ” လို့ ဆိုတယ်။ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ “အိုင်စီဂျေ ဆုံးဖြတ်ချက်အပေါ် အစိုးရ၏ လမ်းညွှန်ချက်အတိုင်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း” သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

တပြိုင်တည်းမဟုတ်သော်လည်း အိုင်စီဂျေ ဆုံးဖြတ်ချက်မတိုင်မီမှာပဲ လွတ်လပ်သော စုံစမ်းရေးကော်မရှင် (ICOE) အစီရင်ခံစာလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါဟာ ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံအတွက် (Issue) နှစ်ခု တပြိုင်တည်း ထွက်လာခဲ့တာလို့တောင် ဆိုနိုင်ပါတယ်။

မြန်မာနိုင်ငံအစိုးရအနေနဲ့ ICJ ဆုံးဖြတ်ချက်နဲ့ ICOE အစီရင်ခံစာတို့ကို ဘယ်လို အကောင်အထည်ဖော်မလဲ၊ ဘယ်အရာကို ဦးစားပေး လုပ်ဆောင်မလဲ၊ တပ်မတော်ကရော စစ်ဖက်ဆိုင်ရာ တရားစီရင်ရေးမူဘောင်ကိုပဲ အခြေခံထားပြီး လိုက်နာမလား၊ သို့မဟုတ် အိုင်စီဂျေအရ ဘယ်လိုလက်ခံမလဲ။ ပြည်ထောင်စုရှေ့နေချုပ်ရုံးကလည်း ICOE အစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူများကို စုံစမ်းစစ်ဆေးရန် သက်ဆိုင်ရာအဖွဲ့အစည်များနှင့် ပူးပေါင်းဆောင်ရွက်မယ်” လို့ ဆိုထားပါတယ်။

ဒီလိုအခြေနေမျိုးမှာ ICOE အစီရင်ခံစာကို အကောင်အထည်ဖော်ရင်း ကျွဲကူးရေပါ ဆိုသလို ICJ ဆုံးဖြတ်ချက်ကိုပါ ဖြေရှင်းသွားနိုင်မလား။ အဲဒါတွေ ဖြေရှင်းသွားရင်းနဲ့ အများပြည်သူလိုလားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးဆွဲရေးအတွက်ပါ ဖြေရှင်းသွားနိုင်မလား။ သုဝဏ္ဏသာမ ဇာတ်တော်ထဲကလို “သားရွှေအိုး ထမ်းလာတာ မြင်ရမယ့်ကိန်းဆိုက်အောင်” ဘယ်လို လုပ်ဆောင်မလဲဆိုတာ ရင်ခုန်စွာ စောင့်ကြည့်ရမှာ ဖြစ်ကြောင်းပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013