
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်မှာ စစ်အာဏာရှင်တပ်က လေကြောင်းဗုံးကြဲချတာကြောင့် စစ်ဘေးရှောင် ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၅ ရက် မနက် ၅ နာရီကျော်လောက်က သာပေါင်းမြို့နယ် ရခိုင်ရိုးမအစပ်မှာရှိတဲ့ သဲဖြူကျေးရွာကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲချတာကြောင့် စစ်ဘေးရှောင် အမျိုးသား ၂ ယောက် သေဆုံးခဲ့တာလို့ ဆိုပါတယ်။
စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးသူတယောက်က “သေဆုံးသူ ၂ ယောက်က ညီအစ်ကိုတွေလို့ သိရတယ်။ သဲဖြူတောစပ်က စစ်ရှောင်တဲတွေ ဗုံးကြဲခံရတာ။ ရခိုင်ရိုးမအစပ်က စစ်ရှောင်တွေပါ။ ပွဲချင်းပြီးဆုံးသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူ စစ်ဘေးရှောင် ၂ ယောက်ဟာ အသက် ၄၀ ကျော်အရွယ် ဦးငစိုးနဲ့ အသက် ၃၀ ကျော်အရွယ် ကိုလှထွေး တို့ဖြစ်ပြီး ရခိုင်ပြည်နယ် ဂွမြို့နယ်ကနေ စစ်ရှောင်လာပြီး ယာယီ စစ်ရှောင်တဲထိုးနေရတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်က သဲဖြူကျေးရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချခဲ့တာဖြစ်ပြီး စစ်ဘေးရှောင်တဲ့ အိမ်ငယ် ၃ လုံးထက်မနည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင်တပ်က ပြီးခဲ့တဲ့ ဇူလိုင်လ ပထမအပတ်က စတင်ပြီး ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက ရေကြည်၊ လေးမျက်နှာ၊ သာပေါင်း စတဲ့မြို့နယ်တွေထဲက ကျေးရွာတွေကို လေကြောင်းကနေ ဗုံးကြဲနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။










