DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အားနည်းနေ 
DVB
·
January 27, 2020
ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ်တွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အားနည်းနေ 
1 / 3
Donate to DVB

တရုတ်ပြည်မှာ ကိုရိုနာဗိုင်းရပ်စ်အဆုတ်ယောင်ရောဂါ ကူးစက်ပြန့်ပွားနေတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီခရိုင်နဲ့ကပ်လျက် ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်မှာ ရောဂါကာကွယ်ရေးတွေ စတင်ဆောက်ရွက်နေပေမယ့်  တရုတ်နယ်စပ် တလျှောက်လုံးမှာတော့ လုပ်ဆောင်မှု အားနည်းနေသေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အထူးသဖြင့် မူဆယ် - ရွှေလီ နယ်စပ်ဝင်ပေါက်ဖြစ်တဲ့ ဆင်ဖြူဂိတ်မှာ လွန်ခဲ့တဲ့ ၂ ရက်ကစပြီး  ကျန်းမာရေးဝန်ထမ်းတွေက တရုတ်ဘက်ကဝင်ရောက်လာသူတွေကို အပူချိန်တိုင်းတာတာ၊ မျက်နှာဖုံးဝေငှတာတွေ ပြုလုပ်နေတယ်လို့ မူဆယ်မြို့ ဂရုဏာနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးသောင်းထွန်းက ဒီဗွီဘီကို ပြောပါတယ်။ 

“တရုတ်ပြည်ဘက်က ဝင်လာတဲ့သူတွေကို မြန်မာဘက်က နှာခေါင်းစည်းတွေတပ်ပြီးတော့ အဖျားတိုင်းတဲ့ ကိရိယာနဲ့ထောက်ပြီးတော့ စိစစ်တာတွေရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းက များများစားစားတော့ မရှိဘူး။ ထိုင်ခုံလေး ၃ လုံးလောက်ချပြီးတော့ ဝင်လာတဲ့သူတွေကို  အဖျားတိုင်းရုံလောက်ပါဘဲ။ မြို့ထဲမှာ နှာခေါင်းစည်းတွေ ဝေငှနေတာတွေ့တယ်။ မော်တော်ပီ ကယ်ရဲတွေပါ ၊ ကျန်းမာရေးဌာနကတော့ မဟုတ်ဘူး။”

တရုတ်ဘက်ခြမ်းရွှေလီခရိုင်မှာတော့ ဒေသအာဏာပိုင်တွေက အရေးပေါ်အခြေအနေ ကြေညာထားပြီး အဝင်အထွက်တွေ၊ အများပြည်သူသွားလာလည်ပတ်တဲ့နေရာ၊ ပျော်ပွဲရွှင်ပွဲတွေ ပိတ်ပင်ထားပါတယ်။

ဒီကူးစက်ရောဂါဟာ အလွန်အန္တရာယ်ရှိလို့ တရုတ်ပြည်ဘက်က ကာကွယ်နှိမ်နင်းမှုတွေ အရှိန်မြှင့်ပေမယ့် မြန်မာဘက်ခြမ်းက ကာကွယ်ဆောင်ရွက်မှုတွေကတော့ အားနည်းတယ်လို့ ထင်မိကြောင်း၊ မူဆယ်ခရိုင်ထဲမှာ တရုတ်ပြည်နဲ့ အဝင်အထွက်ဂိတ်တွေ နန်းတော်၊ မန့်ဝိန်း၊ ဆင်ဖြူ၊ မန့်ဟီးရိုး၊ ပန်ဆိုင်း စသဖြင့် အနည်းဆုံး ၆ ပေါက်လောက်ရှိပြီး တရားမဝင်လမ်းကြောင်း တွေလည်းရှိတာမို့ စိုးရိမ်စရာရှိတယ်လို့  ဦးသောင်းထွန်းက ပြောပါတယ်။ 

“အများကြီး သတိထားရမှာခင်ဗျ၊ ဒါကအလွယ်တကူ ကူးစက်နိုင်တဲ့အခြေအနေရှိတယ်။ ဆေးလည်း မရှိသေးဘူးဆိုတော့လေ၊ တရုတ်ပြည်မှာ သူတို့ နည်းပညာတွေရော၊ ငွေကြေး တတ်နိုင်တာတောင်မှ သူတို့မှာ အရေးပေါ်အခြေအနေကြေညာထားပြီး အကုန်လုံးအဝင်အထွက် တွေ ပိတ်လိုက်တဲ့အချိန်မှာ ကျနော်တို့ဘက်မှာ ဒီထက်ကြပ်မတ်မှုလုပ်သင့်တယ်လို့တော့ ထင်တယ်ဗျ။ နယ်စပ်အပေါက်တွေလည်း ပိတ်သင့်တယ်။”

တရုတ်နယ်စပ်ဂိတ်မှာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးနဲ့ ပတ်သက်ပြီး မူဆယ်ကျန်းမာရေးဌာန နဲ့ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့တွေကိုတော့ ဒီဗွီဘီက ဆက်သွယ်မေးမြန်းလို့မရသေးပါဘူး။ 

Mingala Wholesale တရုတ်-မြန်မာ ဘာသာပြန်သတင်းမှာတော့ ရွှေလီခရိုင်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်လူနာ ၂ ဦး တွေ့ရှိကြောင်း ရွှေလီမြို့အာဏာပိုင်တွေရဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြထားပါတယ်။ 

ရောဂါပိုးတွေ့ရှိသူ ၂ ဦးမှာ အသက် ၆၈ နှစ်ရွယ်အမျိုးသမီး ၁ ဦးနဲ့ အသက် ၇၁ နှစ်ရွယ် အမျိုးသား ၁ ဦးတို့ဖြစ်ပြီး ဟူပေပြည်နယ် ဝူဟန်မြို့ကနေ ကိုယ်ပိုင်ကားနဲ့ ရွှေလီမြို့ကို ဇန်နဝါရီလ ၂၃ ရက်နေ့က အလည်အပတ်ရောက်ရှိလာတာလို့ ဆိုပါတယ်။ 

ယူနန်ပြည်နယ်ထဲမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ လူနာစုစုပေါင်း ၁၆ ဦးရှိပြီး သူတို့ဟာ သီးခြား ကျန်းမာရေးကုသမှုခံယူနေရပါတယ်။  

ကိုးကား -  MingalaWholesale

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013