DVB Logo
Home
နိုင်ငံတကာ
ဟားမတ်စ်နှင့် အခြားလက်နက်ကိုင်အဖွဲ့များ လက်နက်စွန့်ရန် သဘောတူဟု ထရမ့်ပ်ပြော
DVB
·
July 31, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ့ရဲ့ “ငြိမ်းချမ်းရေးဘုတ်အဖွဲ့” ဟာ ဂါဇာက ဟားမတ်စ်နဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေ အားလုံး လက်နက်စွန့်လွှတ်ဖို့  သဘောတူညီမှု ရခဲ့တယ်လို့ ဇူလိုင် ၃၀ ရက်မှာ ပြောပါတယ်။

ဒါဟာ ဂါဇာစစ်ပွဲကို အဆုံးသတ်ဖို့ သူရေးဆွဲထားတဲ့ “ထရမ့်ပ်ရဲ့ အချက် ၂၀ ပါ အစီအစဉ်” ကို အကောင်အထည်ဖော်ရာမှာ “အရေးပါတဲ့ မှတ်တိုင်တခု” ဖြစ်တယ်လို့ Truth Social မှာ ရေးခဲ့ပါတယ်။

“ဘယ်သူမှ ဖြစ်မလာနိုင်ဘူးလို့ ပြောခဲ့ကြတဲ့ ဒီလို အံ့ဩစရာကောင်းတဲ့ တိုးတက်မှုအတွက် အားလုံးကို ဂုဏ်ယူပါတယ်” လို့လည်း သူက ဆိုပါတယ်။

ဒီသဘောတူညီချက်ကို အဆင့်လိုက် စနစ်တကျ လုပ်ဆောင်သွားမှာဖြစ်ပြီး လက်နက်စွန့်လွှတ်တာ နဲ့အမျှ အစ္စရေးတပ်တွေ ရုပ်သိမ်းပေးရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ တည်ငြိမ်ရေးတပ်ဖွဲ့က ပါလက်စတိုင်း ရဲတပ်ဖွဲ့သစ်နဲ့ ပူးပေါင်းပြီး ဂါဇာဒေသ လုံခြုံရေးကို ရယူသွားမှာလည်း ဖြစ်ပါတယ်။

ကြားဝင်စေ့စပ်ပေးခဲ့တဲ့ အီဂျစ်၊ ကာတာ၊ တူရကီ တို့အပြင် မနားတမ်း အပင်ပန်းခံ ကြိုးစားပေးခဲ့တဲ့ သူ့ရဲ့အဖွဲ့ဝင်တွေကိုလည်း ထရမ့်ပ်က ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။

ထရမ့်ပ်က “ဒီသဘောတူညီချက်ဟာ ဂါဇာက ပြည်သူတွေကို အကျိုးပြုမဲ့ ပါလက်စတိုင်း အစိုးရသစ်က အုပ်ချုပ်နိုင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတခုပါ။ ဒီအစိုးရသစ်ဟာ ပါလက်စတိုင်း ပြည်သူတွေကို ကူညီဖို့ ငြိမ်းချမ်းရေးဘုတ်အဖွဲ့နဲ့ နီးနီးကပ်ကပ် လုပ်ဆောင်သွားမှာပါ” လို့ ပြောပါတယ်။

“တချိန်တည်းမှာပဲ ဂါဇာကို အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်ဖို့ စခန်းတခုအဖြစ် နောက်ထပ် မသုံးရတော့ဘဲ အစ္စရေးအနေနဲ့လည်း ရသင့်ရထိုက်တဲ့ လုံခြုံရေးကို ရရှိမှာ ဖြစ်ပါတယ်။ အောက်တိုဘာ ၇ ရက်တုန်းက ပေါ်ထွက်လာခဲ့တဲ့ ခြိမ်းခြောက်မှုမျိုး နောက်ထပ် ပြန်ပေါ်လာခွင့် ပြုတော့မှာ မဟုတ်ပါဘူး” လို့ ထရမ့်ပ်က ဖြည့်စွက်ပြောခဲ့ပါတယ်။

ဒါ့အပြင် လွန်ခဲ့တဲ့တနှစ်က ပြင်းထန်တဲ့ စစ်ပွဲတွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ဓားစာခံတွေကို ရက်ရက်စက်စက် ဖမ်းဆီးထားတာတွေ ရှိခဲ့ရာကနေ အခုလို သမိုင်းဝင် တိုးတက်မှု တွေ ရခဲ့ပေမဲ့ လုပ်စရာတွေ အများကြီး ကျန်သေးတယ်လို့လည်း ထရမ့်ပ်က ဆိုပါတယ်။

မနက်ပိုင်းတုန်းက အမေရိကန် ကြားဝင်စေ့စပ်ပေးတဲ့ ဂါဇာငြိမ်းချမ်းရေး အစီအစဉ် အကောင်အထည်ဖော်ဖို့ ကိုင်ရိုမြို့မှာ စေ့စပ်ညှိနှိုင်းသူတွေနဲ့ ဟားမတ်စ်ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြရာမှာ ထူးထူးခြားခြား တိုးတက်မှုတွေ ရှိခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒါပေမဲ့ အစ္စရေးတာဝန်ရှိသူ တယောက်ကတော့ အဆိုပြုထားတဲ့ အချက်အလက်တွေအပေါ် ကျေနပ်မှုမရှိသေးဘူးလို့ ပြောပါတယ်။

ကြာသပတေးနေ့က အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် ဂါဇာမှာ ကလေး ၂ ယောက် အပါအဝင် အနည်းဆုံး ပါလက်စတိုင်း ၆ ယောက် သေဆုံးခဲ့တယ်လို့ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013