DVB Logo
Home
Lead Story
Kratom (ဘိန်းစာပင်) ဟာ မူးယစ်ဆေးလား? ဆေးဝါးဓာတ်စာလား?
DVB
·
January 26, 2020
Kratom (ဘိန်းစာပင်) ဟာ မူးယစ်ဆေးလား? ဆေးဝါးဓာတ်စာလား?
Donate to DVB

Kratom ကို မြန်မာလို ဘိန်းစာပင်လို့ ခေါ်ပါတယ်။ ထိုင်းဘာသာနဲ့တော့ ကာရ်တုန်မ် လို့ အသံထွက် ခေါ်ဆိုကြပါတယ်။ သိပ္ပံအခေါ်အဝေါ်အားဖြင့် Mitragyna Speciosa လို့ သတ်မှတ်ထားပြီး အပင်ကြီးမျိုးဖြစ်ကာ Rubiaceae ဆိုတဲ့ အပင်မျိုးရင်းကနေ ဆင်းသက်လာပါတယ်။ နှော၊ မအူတို့လို မျိုးစိတ်မျိုးဖြစ်သလို ကော်ဖီပင်နဲ့လည်း မျိုးနွယ်အတူတူပါပဲ။ ဒီအပင်မျိုးဟာ အရှေ့တောင်အာရှမျိုးရင်း အပင်တစ်မျိုးဖြစ်ပြီးတော့ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါပူအာနယူးဂီနီနဲ့ မြန်မာပြည်တောင်ပိုင်းတွေမှာ ပေါက်ရောက်ပါတယ်။ အထူးသဖြင့် တနင်္သာရီဘက်က လူတွေဆို ပိုသိနိုင်ပါတယ်။

မျိုးရင်းဒေသတွေမှာတော့ အဆိုပါ Kratom ကို တိုင်းရင်းဆေးတွေမှာ ထည့်သွင်းအသုံးချတာမျိုးက ရှေးယခင်ကတည်းက ရှိခဲ့ပါတယ်။ Kratom ရဲ့ အရွက်ကို စိတ်ငြိမ်ဆေးအဖြစ် အသုံးချကြတယ်လို့ မှတ်သားဖူးပါတယ်။ ပြင်းထန်တဲ့ နာကျင်မှုတွေနဲ့ အစာချေစနစ်နဲ့သက်ဆိုင်တဲ့ ဖျားနာဝေဒနာတွေကို ကုသနိုင်စွမ်းလည်းရှိပါတယ်။ ဒါပေမယ့်လည်း ဘိန်းစာပင်ဟာ ဘိန်း၊ ဆေးခြောက်တို့လိုပဲ စွဲလမ်းမူးယစ်စေတဲ့ အစွမ်းသတ္တိနဲ့ စိတ်ကြွစေနိုင်တဲ့ အစွမ်းသတ္တိ ၂ မျိုးစလုံးပိုင်ဆိုင်နေတာမို့ မတော်လောဘနဲ့ အသုံးချမှုတွေလည်းရှိပါတယ်။

Kratom ဟာ တရားဝင်သလား


Kratom ဟာ ကနေဒါ၊ အမေရိကန်နဲ့ သြစတြေလျတို့လို တစ်ချို့နိုင်ငံတွေမှာ တရားဝင် အသုံးပြုလို့ရပြီးတော့ မလေးရှား၊ နယူးဇီလန်၊ မြန်မာနဲ့ အီးယူအဖွဲ့ဝင် တိုင်းပြည်တွေမှာမှာတော့ တရားမဝင်ပါဘူး။ ထိုင်းနိုင်ငံကတော့ ပြီးခဲ့တဲ့ နယူးရီးယားမှာ (မာရီယာနာနဲ့) Kratom ကို မူးယစ်ဆေးဝါးစာရင်းကနေ ပယ်ဖျက်ပေးလိုက်ပါတယ်။ UNODC (United Nations Office on Drugs and Crime) ကလည်း Kratom ကို မူးယစ်ဆေးဝါး စာရင်းကနေ ပယ်ဖျက်ထားပြီးဖြစ်တာမို့ ဒီပစ္စည်းကို မူးယစ်ဆေးလို့ အမည်တပ်ဖို့ ခက်ခဲလှပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂၀၀၅ ခုနှစ်ကတည်းက ဘိန်းစာပင် စိုက်ပျိုးထုတ်လုပ်ခြင်းနဲ့ အသုံးပြုခြင်းဟာ တရားမဝင်ကြောင်း အတိတလင်းထုတ်ပြန် ကြေညာထားပါတယ်။

ဘာကြောင့် လူတွေ သုံးနေကြတာလဲ?


Kratom ရဲ့ အဓိက အစွမ်းသတ္တိက စိတ်ကြွစေတာဖြစ်ပါတယ်။ ရှေးအခါကတည်းက လူတွေဟာ ခွန်အားနည်းနေချိန်တွေ၊ စိတ်အားတက်ကြွမှုမရှိချိန်တွေနဲ့ အဖော်မဲ့နေချိန်တွေမှာ Kratom ကို သုံးကြလေ့ရှိပါတယ်။ Kratom ကို သုံးခြင်းအားဖြင့် ကနဦးပိုင်းမှာ စိတ်ငြိမ်တာ၊ နောက် ရွှင်လန်းဝမ်းမြောက်စေတာနဲ့ အဆုံးသတ်မှာ ထုံထိုင်းစေတာမျိုးတွေ အဆင့်ဆင့်ခံစားရနိုင်ပါတယ်။ Kratom မှာ အဓိက ပါဝင်တဲ့ ဒြပ်ပေါင်း ၂ မျိုးက Alkaloids Mitragynine နဲ့ 7-Hydroxymitragynine တို့ပါ။ Alkaloids မှာ Analgesic လို့ ခေါ်တဲ့ နာကျင်မှုကို သက်သာစေတဲ့ ဓာတ်ပါဝင်တဲ့အပြင် ကြွက်သားတွေကို လန်းဆန်းစေတာနဲ့ ရောင်ရမ်းမှုကို လျော့ကျစေတဲ့ အကျိုးကျေးဇူးတွေလည်း ရနိုင်ပါတယ်။ ဒါကြောင့်လည်း ကြွက်သားရောင်ရမ်းနာဖြစ်ပွားချိန်တွေမှာ Kratom ကို အဓိက အသုံးပြုကြတာဖြစ်ပါတယ်။ လိင်မှုကိစ္စရပ်တွေမှာ ကောင်းမွန်စေတယ်လို့လည်း ယုံကြည်မှုရှိကြသလို ချောင်းဆိုး၊ ဝမ်းလျောရောဂါ၊ အူလမ်းကြောင်း ရောဂါတွေ ကုသရာမှာလည်း အသုံးပြုကြပါသေးတယ်။

ဘယ်လို သုံးကြသလဲ?


Kratom အရွက်ဟာ အစိမ်းရင့်ရောင် အရွက်တစ်မျိုးဖြစ်ပြီးတော့ မာလကာရွက်နဲ့ ခပ်ဆင်ဆင်တူပါတယ်။ အဆိုပါ အရွက်ကို အခြောက်ခံ၊ ထောင်းပြီး အသုံးပြုကြတာများပြီးတော့ ဆေးခဲ၊ ဆေးတောင့်ပုံစံတွေလည်း ထုတ်လုပ်ကြပါတယ်။ အမေရိကမှာတော့ လက်ဖက်ခြောက်လို ရေနွေးထဲ ခတ်သောက်တာမျိုးလည်း သုံးကြပါတယ်။

ထိုင်းနဲ့ မလေးရှားမှာတော့ Kratom ဟာ အလုပ်ကြမ်းသမားတွေ အကြားမှာ ရေပန်းစားပါတယ်။ အပင်ပန်းခံနိုင်တယ်ဆိုတဲ့ ယုံကြည်မှုနဲ့ အရွက်ကိုဝါးစားကြပါတယ်။ ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းနိုင်ပြီးတော့ အလုပ်ပိုလုပ်လာနိုင်တာမျိုး၊ အလုပ်ကြမ်းဒါဏ်ကြောင့်ဖြစ်တဲ့ ကြွက်သားများနာကျင်မှုတွေကို လျော့ပါးစေတာမျိုး အကျိုးသက်ရောက်မှုတွေ ရပါတယ်။ တစ်ချို့နေရာတွေမှာတော့ ဆေးဖြတ်လိုက်တဲ့အချိန်တွေမှာဖြစ်ပေါ်လာတဲ့ ဝေဒနာတွေကို လျော့ချဖို့ ဒီအရွက်နဲ့ အစားထိုးအဖြစ် ကျွေးကြလေ့ရှိပါတယ်။

အကျိုးကျေးဇူးနဲ့ သက်ရောက်မှုများ


အဓိက အကျိုးသက်ရောက်မှုကတော့ တက်ကြွလန်းဆန်းစေတာဖြစ်ပါတယ်။ EMCDDA (European Monitoring Centre for Drugs and Drug Addiction) ရဲ့ အစီရင်ခံစာတစ်ခုအရ Kratom ဂရမ်အနည်းငယ် အသုံးပြုမယ်ဆိုရင်တောင်မှ အဆိုပါသက်ရောက်မှုကို ခံစားရမှာဖြစ်ပြီးတော့ ၁၀ မိနစ်အတွင်း အစွမ်းပြတယ်လို့ဆိုပါတယ်။ အစွမ်းသတ္တိဟာလည်း ၁ နာရီ ခွဲဝန်းကျင်အထိ ကြာမြင့်နိုင်တယ်လို့ ဆိုထားပါတယ်။ ဒါ့အပြင် နိုးကြားနေတာ၊ ဖော်ရွေတာ၊ မူးဝေတာ၊ ယိမ်းထိုးနေတာ၊ အာရုံစူးစိုက်နိုင်တာစတဲ့ အကျိုးသက်ရောက်မှုတွေလည်း ရနိုင်ပါတယ်။ ၁၀ ဂရမ်နဲ့ ၂၅ ဂရမ်ကြားပမာဏလောက်ကို အသုံးပြုမယ်ဆိုရင် အလွန်ကောင်း (High) တဲ့အခြေအနေတစ်ရပ်ကို ရောက်သွားမှာဖြစ်ပြီးတော့ ၆ နာရီလောက်အထိ အစွမ်းပြနိုင်တယ်လို့ ဆိုထားပါတယ်။

ဘေးထွက်ဆိုးကျိုးများ


တစ်ဖက်မှာလည်း စွဲလမ်းမူးယစ်စေတဲ့အရာတွေရဲ့ ထုံးစံအတိုင်း အလွန်အကျွံ သုံးစွဲမိလာတာနဲ့အမျှ ဘေးထွက်ဆိုးကျိုးတွေ ကြုံလာရမှာဖြစ်ပါတယ်။ မအီမသာဖြစ်တာ၊ အော့အံတာ၊ အစာစားချင်စိတ်ပျောက်တာ၊ ကိုယ်အလေးချိန် အလွန်အမင်းကျဆင်းတာ၊ ဝမ်းချုပ်တာတွေ ကြုံလာရနိုင်ပါတယ်။ အရမ်းဆိုးရွားလာမယ်ဆိုရင်တော့ အသက်ရှူရခက်ခဲတဲ့ ဝေဒနာကို ခံစားလာရမှာဖြစ်ပြီးတော့၊ လေဖြတ်တာ၊ မသုံးရမနေနိုင်အောင် စွဲလမ်းတာနဲ့ စိတ်ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။ နှလုံးခုန်နှုန်း အလွန်အမင်းမြန်ဆန်လာတာ၊ သွေးဖိအားတိုးလာတွေလည်းဖြစ်နိုင်ပြီးတော့ အိပ်မပျော်တာနဲ့ အသည်းအဆိပ်သင့်တာတွေလည်း ဖြစ်နိုင်ပါသေးတယ်။ အဆိုးဆုံးအခြေအနေကတော့ အခန့်အသင့်ရင် အသက်ပါ ဆုံးပါးနိုင်တဲ့ ဘေးအန္တရာယ်မျိုးရှိနေတာဖြစ်ပါတယ်။

သုံးသင့် မသုံးသင့် ဘာကြောင့် အငြင်းပွားနေကြတာလဲ?


လက်ရှိအချိန်အထိ Kratom နဲ့ ပတ်သက်ပြီး အသေးစိတ်ကျကျလေ့လာချက်တွေ မရှိသေးပါဘူး။ ဆေးဝါးအတွက် အသုံးပြုဖို့လည်း တရားဝင်ထောက်ခံချက်တွေ မရှိသေးပါဘူး။ လက်ရှိအချိန်အထိ Kratom ကို ဆေးဝါးကုသရာမှာ အသုံးပြုမှုတွေကလည်း ဒေသအလိုက် ရိုးရာတိုင်းရင်းဆေးဝါးတွေမှာ အသုံးပြုကြတာများပါတယ်။ သိပ္ပံနည်းကျ ဆေးဝါးထုတ်လုပ်ဖို့အတွက်ကတော့ ဆိုင်ရာပညာရှင်တွေအကြားထဲ အငြင်းပွားနေဆဲဖြစ်ပါတယ်။ Kratom မှာပါဝင်တဲ့ Alkaloids ပမာဏဟာ ဘိန်းနဲ့ Hallucinogenic Mushrooms တွေနဲ့ မတိမ်းမယိမ်းပမာဏမျိုးဖြစ်တာမို့ တစ်ချို့က မူးယစ်ဆေးအဖြစ် သတ်မှတ်လိုနေကြတာ ဖြစ်ပါတယ်။

ရေးသားသူ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013