DVB Logo
Home
ကျန်းမာရေး
တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားသည့် ပြင်းထန် အဆုတ်ရောင်ရောဂါ (နိုဗယ်ကိုရိုနာဗိုင်းရပ်စ်) လက်ရှိအခြေအနေ
DVB
·
January 24, 2020
တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားသည့် ပြင်းထန် အဆုတ်ရောင်ရောဂါ (နိုဗယ်ကိုရိုနာဗိုင်းရပ်စ်) လက်ရှိအခြေအနေ
Donate to DVB

၂၀၁၉ ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့မှာ လူတွေအစုလိုက်အပြုံလိုက် အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်ခဲ့ကြပါတယ်။ ဒီလူနာအများစုက ဝူဟန်မြို့မှာရှိတဲ့ သားငါးနှင့် ပင်လယ်စာ လက်ကားစျေးနှင့် ထိတွေ့ခဲ့သူတွေဖြစ်တယ်လို့ သိရတဲ့အတွက် ၁ရက်နေ့ကစပြီး စျေးကို ပိတ်သိမ်းပြီး သန့်ရှင်းရေးလုပ်ငန်းတွေ လုပ်ခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ၁၆.၁.၂၀၂နေ့အထိ ရောဂါဖြစ်ပွားသူ ၅၉ယောက်တွေ့ရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးကြည့်လိုက်တော့ ၄၁ယောက်မှာ 2019 Novel Corona virus (နိုဗယ်လ် ကိုရိုနာ ဗိုင်းရပ်စ်)ကို တွေ့ရှိခဲ့ရပါတယ်။ သူတို့ထဲက ၂ယောက်ကတော့ သေဆုံးခဲ့ပါတယ်။ ဒီသေဆုံးသူတွေမှာလည်း နာတာရှည်ရောဂါအခံတွေ ရှိနေခဲ့ပါတယ်။ အခုလက်ရှိမှာတော့ လူ၄၀၀ထက်မနည်းကူးစက်ခံနေရပြီး သေဆုံးသူ ၉ယောက်ထိရှိသွားပါပြီ။ Virusက ဗီဇ ပြောင်းလဲပြီး ပိုပျံ့နိုင်ခြေရှိတယ်လို့လည်း ပြောထားပါတယ်။

ထိုင်းနိုင်ငံမှာတော့ ၁၃.၁.၂၀၂၀က ဝူဟန်မြို့ကလာတဲ့ တရုတ်အမျိုးသမီးမှာ သံသယဖြစ်ဖွယ် လက္ခဏာတွေ့ရတဲ့အတွက် စစ်ဆေးကြည့်လိုက်တော့ Novel Corona virusပိုးတွေ့ရပါတယ်။ ၁၆.၁.၂၀၂၀မှာလည်း ဝူဟန်ကနေ ဂျပန်နိုင်ငံကို ပြန်လာတဲ့ အမျိုးသားခရီးမှာ ရောဂါပိုးတွေ့ရတဲ့အတွက် ဂျပန်နိုင်ငံရဲ့ ပထမဆုံးလူနာအဖြစ် သတင်းထုတ်ပြန်ခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ ထိုင်ဝမ်မှာလည်း virusပိုးတွေ့ရပြီလို့ အတည်ပြုလိုက်ပါပြီ။ အမေရိကန်ကတော့ မနေ့ကပဲ (၂၁.၁.၂၀၂၀) ပထမဆုံးလူနာကို တွေ့ရှိရပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုလက်ရှိမှာတော့ တရုတ်အိမ်နီးချင်းနိုင်ငံတွေရဲ့ လေဆိပ်/ရေဆိပ်တွေမှာ ဝူဟန်မြို့က ပြန်လာတဲ့ခရီးသည်တွေကို အဖျားရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှုတာ၊ဝူဟန်လေဆိပ်နဲ့ တိုက်ရိုက်လေကြောင်းပျံသန်းနေတဲ့ အီးယူနိုင်ငံတွေမှာ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးတာတွေ လုပ်နေပါပြီ။ မြန်မာနိုင်ငံမှာလည်း လေဆိပ်/ရေဆိပ်နဲ့ နယ်စပ်ဝင်/ထွက်ပေါက်တွေ၊ အထူးသဖြင့် တရုတ်နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်ဝင်/ထွက်ပေါက်တွေမှာ တုပ်ကွေးဆန်တဲ့ ရောဂါလက္ခဏာကို စောင့်ကြည့်နေပါတယ်။

ဒါက ယခုလက်ရှိ နောက်ဆုံးပေါ်သတင်းတွေပါ။ မြန်မာနိုင်ငံအနေနဲ့ရော ဘာတွေပြင်ဆင်ထားသင့်သလဲ။ မကူးစက်အောင် ဘာတွေလုပ်နိုင်မလဲ ဆက်ကြည့်ရအောင်။

Corona virusရဲ့ လက္ခဏာတွေက ဘာလဲ။


Corona virusက ဗိုင်းရပ်စ်အမျိုးအစားဖြစ်ပါတယ်။ မျိုးစိတ်များစွာရှိပါတယ်။ အမျိုးအစားပေါ်မူတည်ပြီး သာမန်အအေးမိတာ၊ ဖျားတာ၊ ချောင်းဆိုးတာ၊ အသက်ရှူကြပ်တာတွေဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့သူတွေမှာတော့ အဆုတ်ရောင်ရောဂါ၊ ဆားစ်ရောဂါ၊ မားစ်ရောဂါ၊ ကျောက်ကပ်ပျက်စီးတာတွေဖြစ်တတ်ပြီး အသက်အန္တရာယ်ရှိပါတယ်။

ဘယ်လိုကူးနိုင်လဲ။


Corona virusက တိရစ္ဆာန်တွေမှာ အဓိက ကူးစက်ပျံ့ပွားပြီး လူအချင်းချင်းကူးခဲပါတယ်။ ဥပမာပြောရရင် corona virusမျိုးကွဲတွေဖြစ်တဲ့ ဆားလ်ရောဂါဆိုရင် ကြောင်ကတိုးက ကူးစက်ခဲ့ပြီး မားစ်ရောဂါဆိုရင် ကုလားအုတ်က ကူးစက်ခဲ့ပါတယ်။ အခု 2019 Novel Corona virusကလည်း ဓာတ်ခွဲစမ်းသပ်မှုအရ ဆားစ်တို့ မားစ်တို့နဲ့ မတူပေမယ့် တိရစ္ဆာန်ကနေ လူကို ကူးစက်နိုင်ခြေများစွာရှိပါတယ်။ ထူးခြားတာက လူလူချင်းကူးစက်တာကိုပါ တွေ့နေရပြီး ဘယ်လိုနည်းလမ်းနဲ့ ကူးစက်တာလဲဆိုတာတော့ မသိရသေးပါဘူး။

ကုလို့ရလား။


အခုချိန်ထိ Novel corona virusအတွက် ကာကွယ်ဆေးမရှိသေးပါဘူး။ တိကျတဲ့ ရောဂါကုထုံးလည်း မရှိသေးပါဘူး။ လူနာအခြေအနေပေါ်မူတည်ပြီး သက်သာအောင်ကုသမှုပဲ ပေးနိုင်ပါသေးတယ်။

ကာကွယ်လို့ရလား။


ရောဂါမကူးစက်အောင် ကာကွယ်တဲ့နည်းလမ်းတွေကတော့

  • ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းစတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာရှိတဲ့သူတွေနဲ့ အနီးကပ်နေတာကို ရှောင်ပါ။

  • လူထူတဲ့နေရာကို မသွားပါနဲ့။

  • နှာချေ ချောင်းဆိုးတဲ့အခါ နှာခေါင်းနဲ့ ပါးစပ်လုံအောင် အဝတ်ဒါမှမဟုတ် နှာခေါင်းစည်း သုံးပါ။

  • တိရစ္ဆာန်များနဲ့ အကာအကွယ်မရှိဘဲ တိုက်ရိုက်မထိတွေ့ပါနဲ့။

  • မကြာခဏလက်ဆေးပါ။

  • သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ ရောဂါအခံရှိသူတွေ သတိထားပါ။


ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

(hellosayarwon မှတဆင့် ပြန်လည်ဖော်ပြပါသည်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013