
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်မှာ စစ်အာဏာရှင်တပ်သား ၃ ယောက်ဟာ ယာယီစခန်းကနေ ထွက်ပြေးသွားတယ်လို့ တပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက ရေကြည်မြို့နယ် ကမ်းပါးကြီးဒေသမှာ တပ်စွဲထားတဲ့ စစ်အာဏာရှင်တပ်ရဲ့ ယာယီစခန်းကနေ တပ်သား ၃ ယောက် ထွက်ပြေးသွားတာလို့ သိရပါတယ်။
စစ်အာဏာရှင်တပ်နဲ့ နီးစပ်သူတယောက်က “တပ်သား ၃ ယောက် ထွက်ပြေးသွားတယ်လို့ သိရတယ်။ ကမ်းပါးကြီး ယာယီစခန်းကနေ ပြေးတာပါ” လို့ ပြောပါတယ်။
ထွက်ပြေးသွားတဲ့ တပ်သား ၃ ယောက်ဟာ စစ်မှုထမ်းအပတ်စဉ် ၁၁ က တပ်သားတွေ ဖြစ်တယ်လို့ တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
ဒေသခံအရပ်သားတယောက်က “စစ်တပ်က တပ်သားတွေ ထွက်ပြေးတယ်ဆိုပြီး လိုက်ရှာနေတာ။ ပစ်ခတ်တာတွေလည်း လုပ်နေတယ်။ ပြန်တွေ့တယ်လို့တော့ မကြားမိသေးဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ အောက်တိုဘာလ ပထမပတ်ကစပြီး ရေကြည်မြို့နယ်အတွင်းရှိ ကမ်းပါးကြီးဒေသ အပါအဝင် ကျေးရွာအများစုမှာ စစ်မှုထမ်းတပ်သားသစ်တွေနဲ့အတူ ယာယီစခန်းတွေ ဖွင့်လှစ် တပ်စွဲထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်ဘက်က တပ်သားတွေ ထွက်ပြေးမှုနဲ့ပတ်သက်ပြီး သတင်းဖုံးထားကာ လိုက်လံရှာဖွေနေပေမဲ့ အောက်တိုဘာ ၂၆ ရက်အထိ ဖမ်းဆီးရမိတာ မရှိသေးဘူးလို့ သိရပါတယ်။











