
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်နဲ့ ကန့်ဘလူမြို့နယ်တို့ကို စစ်အာဏာရှင်တပ်က စင်တင်ဘာ ၁၀ ရက်နဲ့ ၁၁ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်ပြီး ၅ ယောက် သေဆုံးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
သပိတ်ကျင်းမြို့နယ်၊ ဇင်းချောင်းရွာကို စက်တင်ဘာ ၁၀ ရက် မနက် ၉နာရီ ၄၅ မိနစ်လောက်မှာ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ဂျက်ဖိုက်တာနဲ့က ၃ ကြိမ် ဗုံးကြဲချသွားတာဗျ။ နောက်ပြီး တတက ၁၃ တပ်က ဟောင်ဝှစ်ဇာ လက်နက်ကြီး ၆ ချက်ပစ်ခတ်ခဲ့တယ်ဗျ။ အဲလိုပစ်ခတ်လို့ ရွာက အမျိုးသမီးတဦး သေဆုံးတယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်ဗျ။ ဘုန်းတော်ကြီးကျောင်းနဲ့ လူနေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။”
သပိတ်ကျင်းမြို့နယ်၊ ဇင်းချောင်းရွာဟာ ကန့်ဘလူမြို့နယ်၊ ကျောက်လုံးကြီးနဲ့ တမိုင်လောက် အကွာမှာရှိပြီး စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းမှာ ကျောက်လုံးကြီးရွာကို စစ်အာဏာရှင်တပ်က ဗုံးကြဲခဲ့ပါတယ်။
ဒေသခံတယောက်က “ကျနော်တို့ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ကျောက်လုံးကြီးရွာကိုတော့ ဂျက်ဖိုက်တာနဲ့ပဲ ကြဲချသွားတာ။ အဲဒီလို ကြဲလို့ ဦးမောင်ထွန်း အသက် ၅၀ ကျော်၊ မောင်ဇင်ဖုန်းခန့် အသက် ၁၁ နှစ်ဝန်ကျင်၊ ဒေါ်မြတ်ဆန်း အသက် ၅၀ ကျော်နဲ့ ဒေါ်စုရင်ဖြိုး အသက် ၄၇ ကျော်၊ စုစုပေါင်း ၄ ဦး သေဆုံးခဲ့ရပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာပြင်းထန်ရရှိခဲ့ရပါတယ်” လို့ ပြောပါတယ်။
အခု လေကြောင်းတိုက်ခိုက်ခံရတဲ့ ရွာနှစ်ရွာမှာ တိုက်ပွဲမရှိဘဲ စစ်တပ်က အကြောင်းမဲ့ လာရောက်တိုက်ခိုက်တာဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။











