
စာအုပ်အမည် - ဒေါ်အောင်ဆန်းစုကြည်နဲ့နောက်ဆုံးအရေးတော်ပုံ
စာရေးဆရာ - နေသွင်ညိဏ်း
ထုတ်ဝေသည့်ခုနှစ် - ၂၀၁၉ အောက်တိုဘာ
အကြိမ်ရေ - ပထမအကြိမ်
“နေသွင်ညိဏ်း”လို့ပြောရင် ပရိတ်သတ်အများစုကတော့ ဒီဗွီဘီ(ဒီဘိတ်)ကိုပဲပြေးမြင်ကြမှာပါ။ ဒါပေမယ့် ဒီဘိတ်မတိုင်မီကတည်းက နေသွင်ညိဏ်းဟာ စာပေလောကနဲ့ဆက်နွှယ်နေခဲ့တာ။ သတင်းသမားဘဝ၊ စာရေးဆရာဘဝနဲ့ကျင်လည်နေခဲ့သူ။ အရင်ကလည်း “မြို့ပြင်မထွက်ကြေး တော်လှန်ရေး”ကို‘ညီစောလွင်’ကလောင်နဲ့ ရေးခဲ့ထုတ်ဝေခဲ့တယ်။ “ရွေးကောက်ပွဲအလွန်”ကိုတော့ “နေသွင်”ကလောင်နဲ့ထုတ်ဝေခဲ့ဖူးတယ်။ ဘာသာပြန် တွေလည်း ထုံ့ပိုင်ထုံ့ပိုင်ပြန်ဆိုခဲ့သူပါ။ သူထုတ်ဝေခဲ့တဲ့စာအုပ် နှစ်အုပ်သုံးအုပ်ကိုလည်း ဖတ်ရှုခဲ့ဖူးတယ်။ သူစာအများစုဟာ မြန်မာ့နိုင်ငံရေးနဲ့ ဆက်စပ် ရေးသား ပြန်ဆိုခဲ့တာတွေပါပဲ။
အခုစာအုပ်ကိုကြည့်ရင်လည်း စာရေးသူရဲ့မိတ်ဆက်စကားနဲ့စာမြည်းအပြင် အခန်း (၆) ခန်းခွဲပြီး ရေးသားထားတယ်။ အဲ့ဒီအထဲမှာ မြန်မာ့နိုင်ငံရေးအတွက် လိုအပ်မယ်ထင်တဲ့ ဘာသာပြန် သုံးပုဒ်ကိုလည်း ထည့်သွင်းထားတယ်။ အပိုင်း(၁)၊ (၂) နဲ့ (၅)တို့ဟာ ဘာသာပြန်ထားတာ။ အခန်း(၃) နဲ့ (၄)ကတော့သူ့ရဲ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်သုံး သပ်ချက်နဲ့ရေးခဲ့တဲ့စာလို့ ဆိုရမှာပါ။ အခန်း(၆) ကတော့ဖတ်ထားခဲ့တဲ့ နိုင်ငံရေးပညာရှင်တို့ရဲ့ ဒီမိုကရေးစီအုတ်မြစ်ကို ပြန်ပြောပြထားဟန်ပါပဲ။
နေသွင်ညိဏ်းရဲ့စာအုပ်အကြောင်းပြောရင် “စာရေးသူရဲ့မိတ်ဆက်အမှာစကား”ကို ချန်ထားခဲ့လို့ မရပါဘူး။ မြန်မာနိုင်ငံရေးအပြောင်းအလဲကို ပထမဆုံးဉာဏ်အလင်းခေတ်ဖြစ်ဖို့ ကြိုးစားခဲ့တဲ့ ယောအတွင်းဝန်ဦးဘိုးလှိုင်အကြောင်းနဲ့ စပြောခဲ့တာ။ သူက ဦးဘိုးလှိုင်ရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး “ရာဇဓမ္မသင်္ဂဟကျမ်းရဲ့အဓိက ရည်မှန်းချက်က ဒီမိုကရေစီ မဟုတ်ဘူး။ ရာဇဓမ္မသင်္ဂဟကျမ်းရဲ့ မူလရည်ရွယ်ချက်က အနောက်က လစ်ဘရယ်နိုင်ငံရေး စနစ်တွေကို သွင်းမလို့ ကြိုးစားခဲ့တာပါ”လို့ ကောက်ချက်ပေးခဲ့တယ်။ မြန်မာနိုင်ငံရေး သမိုင်း လေ့လာသူတို့အတွက် ဒီအချက်ဟာ စဉ်းစားဆင်ခြင်ဖွယ်ရာ အချက်တခုဖြစ်ခဲ့ပါတယ်။
မြန်မာတို့ရဲ့ ဒုတိယဉာဏ်အလင်းခေတ်အဖြစ် “နဂါးနီခေတ်”လို့ မဝံ့မရဲဖွင့်ပြခဲ့တယ်။ နဂါးနီ ခေတ်ကတော့ လက်ဝဲဆန်တဲ့စာပေက အများစုဖြစ်ခဲ့တာကိုး။ တတိယဉာဏ်အလင်းခေတ်ကိုတော့ “ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့တဲ့ ၈၈ အရေးတော်ပုံနောက်ပိုင်းကာလ”တခုကို ဆိုချင်ဟန် ရှိပါတယ်။ သူ့ရဲ့မိတ်ဆက်အမှာစကားမှာ တော့ “မှန်ကန်တဲ့ခေါင်းဆောင်မရှိပဲနဲ့ အောင်မြင်တဲ့ အပြောင်းအလဲဆိုတာ ကမ္ဘာမှာ မရှိသေးဘူး” ဆိုတဲ့အမြင်နဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလ တခုကို ရည်ညွှန်းရေးသားဟန်ရှိတယ်လို့ ယူဆရမှာပါ။
အပိုင်း (၁) ဒေါ်အောင်ဆန်းစုကြည် ဆိုတဲ့အခန်းမှာ “အင်ဒီယားနားတက္ကသိုလ်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခလေ့လာရေးဌာနရဲ့ ညွှန်ကြားရေးမှူး ပါမောက္ခရစ်ချတ်ဂျွန်ဆင်ရဲ့”စာတမ်းကို ပြန်ဆိုထားတာ။ ဒီစာတမ်းမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအယူအဆအပေါ်မှာ ဩဇာလွှမ်းမိုးခဲ့တဲ့ တူညီမှုတွေနဲ့မတူညီမှုတွေ ဒွေးရောယှက်တင်ရှိတဲ့ အိန္ဒိယရဲ့ မဟတ္တမဂန္ဒီနဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ အယူအဆသဘောတရားတို့ကို တင်ပြခဲ့တာ။ နိုင်ငံရေးအရ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဂန္ဒီကြီးတို့ဟာ မတူညီကြဘူး။
ဂန္ဒီရဲ့ အကြမ်းမဖက်ရေးလမ်းစဉ်နဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်တို့ကြားမှာ အယူမတူခဲ့ကြဘူး။ ဂန္ဒီရဲ့ “သစ္စာဂြဟလမ်းစဉ်နဲ့ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကြားက မတူကွဲပြားတဲ့ ဆန့်ကျင်ဘက်နှစ်ခုရဲ့ “အား”ကို ဒေါ်အောင်ဆန်းစုကြည်ဘယ်လို ခံယူခဲ့ဟန်ရှိသလဲဆိုတာကို သုံးသပ်ထားတာ။ အဆိုပါ ဆန့်ကျင်မှုတွေထဲက တူရာတူရာကို “အား”အဖြစ်ပေါင်းစည်းပြီး ဒေါ်အောင်ဆန်းစုကြည်က နှလုံးရည်တိုက်ပွဲအဖြစ် ပြောင်းလဲပြီး ဒီမိုကရေစီတိုက်ပွဲဆီ ဦးတည်လျောက်လှမ်းနေဆဲဖြစ်ကြောင်း သုံးသပ်ထားတဲ့စာတမ်းပါ။
အပိုင်း(၂)နှလုံးရည်တိုက်ပွဲကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အင်တာဗျူးခဲ့တဲ့ “စကော့အေဟန့်ဒ်” ရဲ့ “ငြိမ်းချမ်းရေးအနာဂတ်”စာအုပ်ထဲက အင်တာဗျူးအခန်းကို ပြန်ဆိုထားတာ။ ဒီမှာတော့ ဒေါ်စုကိုအင်တာဗျူးဖို့ တန်စိုး လက်ဆောင်အဖြစ် ငွေကြေးတစုံတရာပေးတာကို ဒေါ်အောင်ဆန်းစုကြည်ငြင်းပယ်လိုက်ပုံကစလို့ ဖေါ်ပြထားတာ။ နောက်ဆုံး “ခါတာ”လို့ခေါ်တဲ့ ဒလိုင်လားမား သိဒ္ဓိတင်ပေးထားတဲ့ ပိုပုဝါလေးကိုတော့ ဝမ်းသာပျော့ပြောင်းတဲ့ မျက်နှာလေးနဲ့ လက်ခံကြောင်းရေးပြီးမှ အင်တာဗျူးကိုဖေါ်ပြထားတာ။
ဒီအပိုင်းမှာတော့ ဒေါ်အောင်ဆန်းကြည်ရဲ့ ငြိမ်းချမ်းရေးအပေါ်အမြင်၊ ငြိမ်းချမ်းရေးခရီးရှည်ရဲ့ လျှောက်လှမ်းမယ့်လမ်းကြမ်းနဲ့ ခွင့်လွှတ်ခြင်းနဲ့ မေ့ပျောက်ခြင်းဆိုင်ရာ အမြင်တွေကိုတွေ့ရမှာပါ။ စစ်အစိုးရလက်ထက်မှာ ခံစားခဲ့ရတဲ့အပေါ်မှာ ခွင့်လွှတ်ခြင်းကို ဘယ်လောက်အရေးကြီးသလဲ ဆိုတဲ့အမေးကို “ခွင့်လွှတ်ခြင်းအကြောင်းပြောရင် မေ့ပစ်လိုက်တာကိုလည်း ထည့်ပြောဖို့လိုမယ်။ မမေ့ပဲနဲ့ခွင့်လွှတ်ပေးလို့ရသလားတဲ့။ ကျမအမြင်ကတော့ စစ်မှန်တဲ့ ခွင့်လွှတ်ခြင်းဆိုတာ မေ့ပျောက်မပစ်လိုက်တာလို့ ယုံကြည်တယ်။
နောက်တခုက မေ့မေ့ပျောက်ပျောက်ဆိုတာ သတိပဌာန်တရားနဲ့လည်း မကိုက်ညီဘူး။ ခွင့်လွှတ်ခြင်းကျတော့ ကရုဏာ၊ ဉာဏ်ပညာတို့နဲ့ကိုက်ညီနေတယ်”လို့ ဖြေကြားခဲ့တယ်။ ဖတ်ပြီးစဉ်းစားဆင်ခြင်စရာတွေပါပဲ။
အပိုင်း (၄) ကတော့ ဟံသာဝတီဦးဝင်းတင်လို့ ခေါင်းစဉ်တပ်ထားပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ ဦးဝင်းတင်ရဲ့အမြင်ကို ရေးထားတာ။ ဦးဝင်းတင်နဲ့ နေသွင်ညိဏ်းတို့ရဲ့ အင်တာဗျူးအမေးအဖြေတွေ။ ဆရာဦးဝင်းတင်ရဲ့အဖြေတွေထဲမှာ “ကျနော် ဒေါ်စုကို ထောက်ခံမှာပဲ။ ဒေါ်စုနဲ့ပဲ ကျနော်တို့ ရပ်တည်မှာပဲ။ သို့သော်အားလုံးကိုတော့ ကျနော်တို့အမြင်ကတော့ တူချင်မှတူမယ်။”လို့ဆရာဦးဝင်တင်ဖြေခဲ့ပုံကိုလည်း ဖော်ပြထားတာတွေ့ရ တယ်။
အပိုင်းတခုချင်းတင်ပြနေရင် အဆုံးသတ်နိုင်မှာမဟုတ်ဘူး။ တအုပ်လုံးက ချန်လှပ်မထားပဲ ဖတ်သင့်တာတွေ ပါ။ မဖြစ်မနေညွှန်းဆိုချင်တာကတော့ အပိုင်း(၃)ပဲ” ဒါဟာနေသွင်ညိဏ်း ရဲ့ အမြင်နဲ့ သုံးသပ်ချက်တခုဖြစ်နေလို့ပဲ။ နေသွင်ညိဏ်းက “နောက်ဆုံးအရေးတော်ပုံ”လို့ အမည်ပေးပြီး ခေါင်းစဉ်ငယ်လေးတွေခွဲ သုံးသပ်ခဲ့တာ။ “သမိုင်းလည်ပြန်”ဆိုပြီး ၁၉၈၈အရေးတော်ပုံရဲ့ သွေးထွက်သံယို ဒီမိုကရေစီအရေးတော်ပုံအကြောင်း။ ၂၀၁၅နောက်ပိုင်း ပညာနဲ့ယှဉ်တဲ့ အသံတိတ်တော်လှန်ရေးတရပ်ဆင်နွှဲပုံတွေကို ရေးခဲ့တယ်။
နောက်တော့ သမိုင်းသုံးသပ်မှုတွေ။ နိုင်ငံတကာ ဒီမိုကရေစီအတွေ့အကြုံတွေ။ မြန်မာ့နိုင်ငံရေးရဲ့အကွဲအပြဲ ဇာတ်လမ်းတွေ၊ ၂၀၀၈ခြေ/ဥပြဿနာ။ ပြည်ထောင်စုပြဿနာရပ်တွေနဲ့ ငြိမ်းချမ်းရေးပြဿနာရပ်တွေကို လေ့လာ တင်ပြထားတာပါ။ လုံခြုံရေးကဏ္ဏနဲ့ပတ်သက်ပြီး တပ်မတော်ရဲ့အပိုင်း။ ရဲတပ်ဖွဲ့နဲ့ကြိုးနီစနစ်ကို ဘယ်လိုလျော့ချ မလဲဆိုတာတွေ။ မြန်မာ့တရားစီရင်ရေးစနစ်နဲ့ ဒီမိုကရေးစီနဲ့ဘာသာရေးကအစရှိတဲ့ မြန်မာ့ဒီမိုကရေစီအရေးမှာ လိုအပ်မယ့် ဖြစ်သင့်ဖြစ်ထိုက်တဲ့အချက်တွေဝေဖန်သုံးသပ်ပြထားတာပါ။
အချုပ်အားဖြင့်ပြောချင်တာက…။ နေသွင်ညိဏ်းနဲ့ အယူအဆ မတူချင်နေပါစေ၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် သင့်အမြင်ဘယ်လိုရှိနေပါစေ၊ သူ့စာဖတ်ခြင်းဖြင့် မြန်မာ့နိုင်ငံရေးအတွက် စဉ်းစားဆင်ခြင်စရာ အချက်အတော်များများကိုတော့ သင်တွေ့ရှိနိုင်မှာ ဖြစ်တယ်။ တဆက်တည်း “နှလုံးရည်တိုက်ပွဲ ဘာလို့မအောင်မြင်သေးလဲ” ဆိုတဲ့ နေသွင်ညိဏ်းရဲ့အမေးအတွက်လည်း သူ့စာအုပ်ဖတ်ပြီးတာနဲ့ အဖြေတခုတော့ရလိုက်နိုင်တာကြောင့် မြန်မာနိုင်ငံရေးစိတ်ဝင်စားသူတွေအတွက် စာအုပ်ကောင်းတအုပ်ဖြစ်နိုင်ပါကြောင်း ဒီဗွီဘီ စာအုပ်စင်က ညွှန်းဆိုလိုက်ပါရစေ။
ထွန်းဇော်ဌေး











