DVB Logo
Home
မြန်မာသတင်း
စည်ပင်က လိမ္မော်သီးတွေ ဖျက်ဆီးခံခဲ့ရသည့် ဈေးသည်အဘိုးအိုကို ဖိလစ်ပိုင်ဂေးမော်ဒယ်တွေ့ဆုံ အားပေး
DVB
·
January 22, 2020
စည်ပင်က လိမ္မော်သီးတွေ ဖျက်ဆီးခံခဲ့ရသည့် ဈေးသည်အဘိုးအိုကို ဖိလစ်ပိုင်ဂေးမော်ဒယ်တွေ့ဆုံ အားပေး
1 / 8
Donate to DVB

       စည်ပင်ဝန်ထမ်းတွေက လိမ္မော်သီးတွေကို ဖျက်ဆီးခံခဲ့ရတဲ့ ဈေးသည်အဘိုးအိုကို နာမည်ကြီး ဖိလစ်ပိုင်ဂေးမော်ဒယ် Sinon Loresca က သွားရောက်တွေ့ဆုံ အားပေးခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့က ရန်ကုန်မြို့၊ ဗိုလ်ချုပ် အောင်ဆန်းဈေးရှေ့မှာ ဖြစ်ခဲ့တာ ဖြစ်ပြီး တားမြစ်ဧရိယာတွင်း ဈေးရောင်းချတဲ့အတွက် ဈေးသည် အဘိုးအိုရဲ့ လိမ္မော်သီးတွေကို စည်ပင်ဝန်ထမ်း ၃ ဉီးက ရဲတင်းနဲ့ထုရိုက်ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။

       ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ လတ်တလော အင်တာနက်လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ပျံ့နှံ့နေခဲ့ပြီး ပြည်သူတွေဆီက ဝေဖန်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။

       ဖမ်းဆီးခံရသူ ဈေးသည်အဘိုးအိုဟာ အသက် ၇၀ အရွယ်ရှိနေပြီဖြစ်ကာ ဇနီးဖြစ်သူ၊ မသန်စွမ်းသမီးတို့နဲ့အတူ နေထိုင်တာ ဖြစ်ပါတယ်။

       စည်ပင်ဝန်ထမ်းတွေက အဘိုးအိုကို ခေါ်သွားခဲ့ကာ လိမ္မော်သီးတွေကို သူ့ရှေ့မှာ ဖျက်ဆီးပြခဲ့တာဟာ စည်းကမ်းချိုးဖောက်တဲ့ ကိစ္စဖြစ်ပေမယ့် လူသားချင်းစာနာထောက်ထားမှု မရှိရာရောက်တယ်လို့လည်း ပြစ်တင်ပြောဆိုနေကြတာ ဖြစ်ပါတယ်။

       လတ်တလောမှာတော့ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဗွီဒီယိုမှတဆင့် တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာခဲ့ပြီး အဘိုးအိုကို ကူညီချင်သူ စေတနာရှင်တွေလည်း ထွက်ပေါ်လာခဲ့တာပါ။

       သူတို့တွေထဲမှာ နာမည်ကျော် ဖိလစ်ပိုင်ဂေးမော်ဒယ် Sinon Loresca တယောက်လည်း အပါအဝင်ဖြစ်ကာ အဘိုးအိုကို တွေ့ဆုံအားပေးခဲ့ပါတယ်။

       အသက် ၃၁ အရွယ် ရှိနေပြီဖြစ်တဲ့ Sinon Loresca ဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာ မြို့ဇာတိဖြစ်ပြီး ကြံ့ခိုင်တဲ့ ကြွက်သားအမြှောင်းမြှောင်းနဲ့ ခန္ဓာကိုယ်နဲ့ ဒေါက်မြင့်ဖိနပ်ကို  ကျွမ်းကျွမ်းကျင်ကျင် စီးကာ အလှပြ Catwalk လျှောက်နိုင်သူအဖြစ် ထင်ရှားသူ ဖြစ်ပါတယ်။

သူ့ကိုယ်သူလည်း ဂေးတယောက်အဖြစ် ခံယူထားပြီး မော်ဒယ်လောကမှာပါ ထူးခြားတဲ့ Catwalk လျှောက်ဟန်နဲ့ အောင်မြင်လာခဲ့တာပါ။

The King Of Catwalk လို့ အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထင်ရှား တဲ့ Sinon Loresca ဟာ Miss Earth Myanmar 2019 အလှမယ်ပြိုင်ပွဲမှာ ဒိုင်အဖြစ် ပါဝင်ဖို့ လာရောက်ခဲ့ပြီးချိန်မှစပြီး မြန်မာပရိသတ်တွေကြားမှာ ထင်ရှားလာခဲ့ပြီး ပရဟိတလုပ်ငန်းတွေ၊ လူမှုကူညီရေးအစီအစဉ်တွေမှာလည်း တက်တက်ကြွကြွပါဝင်လေ့ရှိသူမို့ ချစ်ခင်အားပေးမှုရရှိနေသူ ဖြစ်ပါတယ်။

ဈေးသည်အဘိုးအိုကို သွားရောက်တွေ့ဆုံခဲ့ပြီး သူ့ရဲ့ တရားဝင်ဖေ့ စ်ဘွတ်ခ် အင်တာနက်လူမှု ကွန်ရက်စာမျက်နှာပေါ်မှတဆင့် ခုလိုရေးသား ဖော်ပြထားခဲ့တာပါ။

“ကျနော်တို့ အားလုံးဟာ မနက်အိပ်ရာထချိန်ဖို့ အကြောင်းပြချက်တွေ အမျိုးမျိုးရှိ ကြပါတယ်။ ဒါပေမယ့် တူညီတဲ့ အကြောင်းပြချက်ကတော့ ကျနော်တို့ရဲ့ ကြိုးပမ်းအား ထုတ်မှုတွေအတွက်၊ ပိုကောင်းတဲ့ ဘဝနေထိုင်မှု၊ ဒါမှမဟုတ် မိသားစုကို အကောင်းဆုံး ပံ့ပိုးကူညီဖို့ ပါပဲ။ ဖခင်ကောင်းတွေဆိုတာ မိသားစုဝင်တွေထဲမှာ အသိအမှတ်ပြု၊ သတိပြုမိမှုတွေ မရှိကြတဲ့ မိသားစုရဲ့ တန်ဖိုးအထားရဆုံး ပိုင်ဆိုင်မှုပါပဲ။ အွန်လိုင်းပေါ် ပျံ့နေတဲ့ ဒီရုပ်သံထဲက ဖခင်တဦးကို တွေ့ခဲ့ရပြီးတဲ့အခါ ကျနော်လုပ်နိုင်တာကတော့ သူ့မိသားစုကို သွားရောက်တွေ့ဆုံပြီး ကြင်နာနွေးထွေး တဲ့ အားပေးစကားပြောဖို့၊ အထူးသဖြင့် မသန် စွမ်းသမီးဖြစ်သူကိုပါ ကူညီပေးနိုင်ဖို့ပါပဲ။ နွေးထွေးကြင်နာမှုကို စကားလုံးနဲ့ ဖော်ပြရရင် ယုံကြည်မှုဖြစ်လာစေမှာပါ။ နွေးထွေးကြင်နာမှုက ချစ်ခြင်းမေတ္တာကိုလည်း ဖန်ဆင်းပေး နိုင်ပါတယ်”

ကြည်နူးစရာကောင်းတဲ့ ဒီကူညီမှုဓာတ်ပုံတွေကိုတော့ ပရိသတ်တွေက သဘောကျနေခဲ့ ကြပြီး ချီးကျူးမှတ်ချက်တွေ ပေးနေခဲ့ကြတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013