ရခိုင်တွင် လူမျိုးပြုန်းတီးစေရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်ခြင်းမရှိဟု စုံစမ်းရေးကော်မရှင်ထုတ်ပြန်

ရခိုင်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ အာဆာအဖွဲ့ဝင်တွေ၊ အရပ်သားတွေက စစ်ရာဇဝတ်မှုတွေကျူးလွန်ပြီး အင်အား မမျှမတသုံးတာ၊ အရပ်သားတွေကို သတ်ဖြတ်တာ၊ လုယက်တာတွေ လုပ်ခဲ့ပေမဲ့ လူမျိုးပြုန်းတီးစေဖို့ ရည်ရွယ်ချက်နဲ့ ကျူးလွန်တာမျိုး မတွေ့ခဲ့ဘူးလို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်(ICOE)က ထုတ်ပြန်ပါတယ်။
ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ်စုံစမ်းဖို့ ဖိလစ်ပိုင် ဒု နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဆောင်တဲ့ အဖွဲ့ဝင် ၄ ယောက်နဲ့ ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၅ ရက်က သမ္မတအမိန့်နဲ့ ဖွဲ့စည်းပေးခဲ့တာဖြစ်ပါတယ်။
ကော်မရှင်ဟာ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရခိုင်မြောက်ပိုင်းက သက်သေတွေရဲ့ ထွက်ဆိုချက် ၁၅၀၀ လောက်ကို အခြေခံထားတဲ့ စာမျက်နှာ ၄၆၁ မျက်နှာပါတဲ့ အစီရင်ခံစာကို သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ဆီ မနေ့ကပေးခဲ့ပြီး လူမျိုးပြုန်းအောင်ရည်ရွယ်ချက်နဲ့ လုပ်တာတော့ မတွေ့ရဘူးလို့ ဆိုပါတယ်။
တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ အာဆာအဖွဲ့ဝင်တွေနဲ့ သူတို့နဲ့အလိုတူပူးပေါင်းသူတွေ၊ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေက အရပ်သားတွေကို သတ်ဖြတ်တာ၊ အင်အားမမျှမတသုံးတာ၊ လုယက်တာ၊ မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တို့မှာ မွတ်စလင်တွေစွန့်ခွာသွားတဲ့ နေအိမ်တွေကို ဖျက်ဆီးတာ စတဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တာရှိခဲ့တယ်လို့ ဆိုပါတယ်။
ကော်မရှင်အနေနဲ့ အဲဒီက ရွာတွေ အထူးသဖြင့် မင်းကြီးရွာ (တူလာတိုလီ)၊ ချွတ်ပြင်ရွာနဲ့ မောင်နုရွာတို့မှာ လူတွေအများအပြားသေဆုံးခဲ့တာကို စုံစမ်းတွေ့ရှိခဲ့ရပေမယ့် လူမျိုးပြုန်းတီးစေဖို့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်တယ်လို့ ကောက်ချက်ချနိုင်တာတော့ လုံးဝ မတွေ့ရဘူးလို့လည်း ဆိုပါတယ်။
ဒီအစီရင်ခံစာအပေါ်မှာ သမ္မတရုံးကလည်း သတင်းထုတ်ပြန်ချက်တခုထုတ်ခဲ့ပြီး ကော်မရှင်ရဲ့ အကြံပြုချက် ၂၂ ခုထဲက ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ စစ်ဥပဒေချုပ်ရုံးတို့အနေနဲ့ လိုအပ်တဲ့ ရာဇဝတ်မှုဆိုင်ရာစုံစမ်းတာတွေ ဆက်လုပ်သွားဖို့နဲ့ အထောက်အထားခိုင်လုံရင် တရားစွဲဆိုတာ လည်း လုပ်ဖို့ သမ္မတက သဘောတူတယ်လို့ ဖော်ပြထားပါတယ်။
ဒီလိုလုပ်သွားစေဖို့အတွက်လည်း သမ္မတဟာ ကော်မရှင်ရဲ့ အစီရင်ခံစာအပြည့်အစုံကို နောက်ဆက်တွဲတွေနဲ့အတူ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ပေးပို့ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဆာအဖွဲ့ဝင်တွေ ဒါမှမဟုတ် အလိုတူပူးပေါင်းခဲ့သူတွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းတာနဲ့ စစ်ဆေးတာကို ဘယ်လိုလုပ်သင့်တယ်ဆိုတာ စစ်ဥပဒေချုပ်နဲ့ လိုအပ်သလို တိုင်ပင်ဖို့လည်း ရှေ့နေချုပ်ကို အကြောင်းကြားထားတယ်လို့ ဆိုပါတယ်။
တပ်မတော်သားတွေကျူးလွန်ခဲ့တယ်လို့ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေ၊ အထူးသဖြင့် မင်းကြီးနဲ့ ချွတ်ပြင်ရွာတို့မှာ သတ်ဖြတ်ခဲ့တာတွေနဲ့ မွတ်စလင်ရွာက အိမ်တွေ မီးလောင်တာကို တားဆီးဖို့ ပျက်ကွက်ခဲ့တာအတွက် တပ်မတော်စစ်ဥပဒေချုပ်ရုံးအနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ စုံစမ်းစစ်ဆေးတာနဲ့ တရားစွဲတာတွေကို တိုးချဲ့လုပ်နိုင်ဖို့အတွက်လည်း သမ္မတဟာ ကော်မရှင်ရဲ့ အစီရင်ခံစာအပြည့်အစုံကို နောက်ဆက်တွဲတွေနဲ့အတူ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဆီကို ပေးပို့ထားပါတယ်။
နိုင်ငံတော်သမ္မတအနေနဲ့ ထိခိုက်ခံစားခဲ့ရသူအားလုံးအတွက် စာနာဝမ်းနည်းကြောင်းဖော်ပြ ခဲ့ပြီး တာဝန်ခံမှုနဲ့ တရားမျှတမှုရှိစေဖို့၊ အဆင့်မီလုံခြုံရေးတပ်ဖွဲ့တွေ ဖြစ်လာစေရေး ဆောင်ရွက်သွားမယ် လို့လည်း ထုတ်ပြန်ပြောကြားထားပါတယ်။











