DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းသူများကို အလုပ်ခန့်သည့်အစီအစဉ် တယ်လီနောစတင်
DVB
·
January 20, 2020
မသန်စွမ်းသူများကို အလုပ်ခန့်သည့်အစီအစဉ် တယ်လီနောစတင်
1 / 2
Donate to DVB

မသန်စွမ်းသူတွေကို အလုပ်ခန့်ထားတဲ့ အစီအစဉ်ကို တယ်လီနောက ဒီနေ့ စတင်လိုက်ပြီလို့ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI) နဲ့ ပူးပေါင်းပြီး ရွေးချယ်ခံရသူတွေကို သင့်လျော်တဲ့ လုပ်ငန်းခွင်လေ့ကျင့်တာကတဆင့် သူတို့ရဲ့ စွမ်းဆောင်ရည်တွေ မြှင့်တင်ပေးမယ့် တယ်လီနော Open Mind အစီအစဉ်ကို စတင်လိုက်တာပါ။

ဒီအစီအစဉ်ဟာ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတွေ၊ အကြားအာရုံ ဒါမှမဟုတ် အမြင်အာရုံ ချို့ယွင်းသူတွေအပြင် စိတ်ကျန်းမာရေးဆိုင်ရာ စိန်ခေါ်တာတွေကို ရင်ဆိုင်နေရသူတွေ ပါဝင်နိုင်ဖို့ လုပ်ဆောင်ထားတာဖြစ်ပြီး တမူထူးခြားတဲ့ လုပ်ငန်းခွင်လေ့ကျင့်ရေးအစီအစဉ်တခုဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ် မြန်မာနိုင်ငံမှာ စတင်အကောင်အထည်ဖော်တဲ့အနေနဲ့ ရွေးချယ်ခံရသူ ၃ ယောက်ကို တယ်လီနောရဲ့ ဘဏ္ဍာရေးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာနနဲ့ ကော်ပရိတ်ရေးရာ ဌာနတို့မှာ အမြဲတမ်းဝန်ထမ်းတွေအဖြစ် တစ်နှစ်တာ တာဝန်ထမ်းဆောင်နိုင်မယ်လို့ ဆိုပါတယ်။

ဒီတနှစ်တာထဲက ၂ လမှာတော့ လူအများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုနဲ့ လူမှုဆက်ဆံရေး ဆိုင်ရာ စွမ်းရည်တွေ လေ့ကျင့်ရေးအစီအစဉ်ဖြစ်ပြီး ကျန်တဲ့ ၁၀ လက လုပ်ငန်းခွင် လေ့လာရေးအစီအစဉ် ဆိုပြီးတော့ ဖြစ်ပါတယ်။

ရွေးချယ်ခံရသူတယောက်ဖြစ်တဲ့ ကိုမျိုးမင်းထက်က “တယ်လီနောလို ကုမ္ပဏီကြီးက မသန်စွမ်းသူတွေအတွက် တန်းတူညီမျှ အခွင့်အလမ်း ဖွင့်ပေးတဲ့အတွက် တကယ်ကို ထူးခြားပါတယ်။ ဒီအတွက်လည်း တကယ်ကို ကျေးဇူးတင်ပြီး တယ်လီနောမြန်မာက Open Mind အစီအစဉ်ရဲ့ ပထမဆုံးရွေးချယ်ခံရသူတယောက်ဖြစ်လို့လည်း ဂုဏ်ယူမိပါတယ်။ ဒီအစီအစဉ်လိုမျိုးပဲ မြန်မာနိုင်ငံက အခြားကုမ္ပဏီတွေအားလုံးကလည်း ကျနော်တို့လို မသန်စွမ်းတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုဖန်တီးပေးလာနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

Open Mind ကို တယ်လီနောနော်ဝေမှာ ၁၉၉၆ ခုနှစ်က စတင်ခဲ့ပြီး အခုအချိန်မှာတော့ ဆွီဒင်နဲ့ ပါကစ္စတန်နိုင်ငံတို့မှာလည်း လုပ်နေပြီလို့ ထုတ်ပြန်ထားပါတယ်။

တယ်လီနော မြန်မာရဲ့ လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ အရာရှိချုပ် Selina Lomholdt က “မတူကွဲပြားပြီး အားလုံးပါဝင်တဲ့ လူ့အဖွဲ့အစည်းတခုအနေနဲ့ရယ် အသိုင်းအဝိုင်းအားလုံး ပိုမို နီးစပ်စေမယ့် သိမြင်နားလည်မှုတွေကို ရရှိဖို့ဟာ မရှိမဖြစ်လိုအပ်တယ်လို့ တယ်လီနောက ယုံကြည်ပါတယ်။ ဒီ Open Mind အစီအစဉ်လေးကတော့ တယ်လီနောရဲ့ တခြားဈေးကွက်တွေမှာ ရလဒ်ကောင်းတွေ ဖော်ဆောင်ထားတဲ့ လုပ်ငန်းစဉ်တခုဖြစ်ပြီး ဒီနေ့မှာ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ (MILI) နဲ့အတူ ဒီလိုထူးခြားကောင်းမွန်တဲ့ အစီအစဉ်ကို အကောင်အထည် ဖော်နိုင်လို့ အင်မတန်ဝမ်းမြောက်မိပါတယ်” လို့ ပြောပါတယ်။

တယ်လီနောမြန်မာဟာ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်၊ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ အကူအညီပေးတာ စတဲ့ နယ်ပယ်တွေမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ရှေ့ပြေးလုပ်ငန်းစဉ်တွေလည်း လုပ်နေပြီး လတ်တလော ဆောင်ရွက်ခဲ့တဲ့ အစီအစဉ်တွေမှာ Plan International နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ဒစ်ဂျစ်တယ်နည်းပညာ၊ ဘေးကင်းတဲ့ အွန်လိုင်းအသုံးပြုမှုနဲ့ ကျင်လည်မှုစီမံကိန်းအပြင် ယူနီဆက်ဖ်မြန်မာနဲ့ ပူးတွဲဆောင်ရွက်တဲ့ မိုဘိုင်းနည်းပညာသုံးပြီး မွေးဖွားတာနဲ့ သေဆုံးတာ မှတ်ပုံတင်စာရင်းသွင်းတဲ့ (MBDR) စီမံချက်တို့ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013