
ရခိုင်ပြည်နယ် ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်ရှိ အိန္ဒိယဈေး အနီးပတ်ဝန်းကျင်ကို စစ်အာဏာရှင်က စက်တင်ဘာ ၂၈ ရက် နေ့လယ်ပိုင်းမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်ရှိ အိန္ဒိယဈေးအနီးဝန်းကျင်နဲ့ ကစ္စပနဒီတံတားတို့ကို စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၁၀ မိနစ်နဲ့ ၁၄ မိနစ်တို့မှာ စစ်တပ်က လေကြောင်းကနေ ဗုံး ၃ လုံး ကြဲချခဲ့တာကြောင့် အရပ်သား အနည်းဆုံး ၁၀ ယောက်နဲ့အထက် သေဆုံးပြီး ဒဏ်ရာရရှိသူနဲ့ မီးလောင်ပျက်စီးမှုလည်း အများအပြားရှိတယ်လို့လည်း ကျောက်တော် မြို့ခံအမျိုးသား တယောက်က ပြောပါတယ်။
“ဒီနေ့ နေ့လယ် ၁၂ နာရီမှာ ကျောက်တော်မြို့က အိန္ဒိယဈေးအနီးနဲ့ ကစ္စပနဒီတံတားကို ဗုံး ၃ လုံး ကြဲသွားတာ။ အသေအပျောက် အရမ်းများတယ်။ ကျောက်တော်ရဲ့ အစည်ကားဆုံးဈေး ဖြစ်တာကြောင့် အနည်းဆုံး ၁၀ ဦးနဲ့အထက် သေနိုင်ပြီးတော့ ထိခိုက်ဒဏ်ရာရရှိသူလည်း အတော်များတယ်။ ကားတွေ၊ တုတ်တုတ်တွေ၊ ဆိုင်ကယ်တွေ အစီးဆယ်နဲ့ချီ မီးလောင်သွားတယ်။ အသေးစိတ် အခြေအနေ စိစစ်နေဆဲပဲ။"
ကျောက်တော်ဆေးရုံကို DVB က ဆက်သွယ်မေးမြန်းရာမှာ သေဆုံးဒဏ်ရာရသူတွေအား တခြားဆေးရုံတွေကိုလည်း ခွဲပြီး ပို့ထားရတာကြောင့် အတည်မပြုနိုင်သေးဘူးလို့ သူနာပြုတယောက်က ပြောပါတယ်။
ဒါ့အပြင် သံတွဲမြို့နယ် ငပလီမြို့ကိုလည်း စက်တင်ဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၃၅ မိနစ်မှာ စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာ တစင်းနဲ့ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၂၈ ရက် မနက် ၇ နာရီကလည်း အဉ္စနပူရ(မင်းပြား)မြို့နယ် စွန်ရဲကျေးရွာကို စစ်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၈ ယောက် ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အများအပြားလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်မှာ စစ်ရေးအရ ရှုံးနိမ့်လာတာကြောင့် ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်ပြီး လက်စားချေတာဟာ သူရဲဘောကြောင်တဲ့လုပ်ရပ် ဖြစ်တယ်လို့ ကျောက်တော်မြို့ခံ နောက်ထပ် အမျိုသားတယောက်က ပြောပါတယ်။
“စစ်တပ်က စစ်မနိုင်လို့ သူရဲဘောကြောင်တဲ့ လုပ်ရပ်တွေကို လုပ်လာနေတာ။ စစ်သားအချင်းချင်း တိုက်မနိုင်တာကို ပြည်သူကို လာပြီး လက်စားချေ တိုက်လို့မရဘူး။ ဒါက စစ်ရာဇဝတ်မှုပဲ။”
စက်တင်ဘာ ၂၅ ရက် မနက်ပိုင်းကလည်း ကျောက်တော်မြို့နဲ့ အနီးပတ်ဝန်းကျင်ရွာတွေကို Y-12 လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၈ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်အာဏာရှင်တပ်ဟာ စက်တင်ဘာ ၄ ရက်မှာ စတင်တဲ့ ၄၉၂၆ စစ်ဆင်ရေးစကတည်းက ရခိုင်ပြည်နယ်က မြို့ရွာတွေကို လေကြောင်းဗုံးကြဲတိုက်လိုက်လာတာဖြစ်ပြီး အရပ်သား ထိခိုက်သေဆုံးမှုဟာလည်း ဆက်တိုက်မြင့်တက်လာနေတာ ဖြစ်ပါတယ်။
လက်ရှိမှာ ကျောက်တော်မြို့ ဗုံးကြဲခံရပြီးနောက် မြို့ပေါ်က ဈေးတွေအားလုံး ပိတ်ထားလိုက်ရပြီး မြို့အဝင်အထွက်တွေကိုလည်း ပိတ်ပင်ထားတယ်လို့ သိရပါတယ်။










