DVB Logo
Home
မြန်မာသတင်း
တရုတ်-မြန်မာစီးပွားရေးလုပ်ငန်းများ ဒေသခံတို့၏အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန် SNLD တိုက်တွန်း
DVB
·
January 17, 2020
တရုတ်-မြန်မာစီးပွားရေးလုပ်ငန်းများ ဒေသခံတို့၏အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားရန် SNLD တိုက်တွန်း
Donate to DVB

တရုတ်-မြန်မာ နှစ်နိုင်ငံ စီးပွားရေးစီမံကိန်းများ လုပ်ဆောင်ပါက ဒေသခံပြည်သူတွေနဲ့ လူမှုအဖွဲ့အစည်းတို့ရဲ့ အကျိုးစီးပွားကိုပါ ထည့်သွင်းစဉ်းစားဖို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာအစိုးရ အကြီးအကဲတွေနဲ့တွေ့ဆုံပြီး နှစ်နိုင်ငံအကျိုးတူ စီးပွါးရေးအတွက် ကုန်သွယ်မှုလမ်းကြောင်းတွေ တိုးမြှင့်ဖို့ အလားအလာရှိနေချိန်မှာ ခုလိုထုတ်ပြန်တိုက်တွန်းလိုက်တာပါ။ 

စီးပွားရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လူမှုစီးပွားရေးတိုး တက်မှုတွေ ရှိနိုင်ပေမယ့် တဘက်ကလည်း ဒေသခံပြည်သူတွေ အစဉ်အဆက်ကျင့်သုံးခဲ့တဲ့ ကုန်သွယ်ရေးနဲ့ လုပ်ထုံးလုပ်နည်းတွေ လိုက်နာရမယ့်အပြင် သူတို့ရဲ့ အကျိုးစီးပွားတွေ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း၊ ဒီလိုမှမဟုတ်ရင် ဒေသတွင်းပဋိပက္ခပိုကြီး လာနိုင်တယ်လို့  SNLD ဗဟိုအလုပ်အမှုဆောင် ဦးစိုင်းလိတ်က ဒီဗွီဘီကို ပြောပါတယ်။ 

“နယ်စပ်ဖြတ်ကျော်စီးပွားရေးလုပ်လိုက်ပြီဆိုရင် ကောင်းကျိုးလည်းရှိပါတယ်။ လူမှု ဘ၀ တိုးတက်မှုတော့ ရှိမှာပေါ့နော်၊ တပြိုင်တည်းမှာဘဲ စီးပွားရေးတိုးတက်မှုတွေ လူမှုဘ၀ တိုးတက်မှု ရှိလာတာနဲ့အမျှ လုံခြုံမှုကို မပေးနိုင်ဘူးဆိုရင် ဆိုးကျိုးတွေပြန်ရနိုင်တာ ပေါ့နော်။ အဲဒါကြောင့်မို့ ပွင့်လင်းမြင်သာရှိဖို့ လိုတယ်။ ပွင့်လင်းမြင်သာမရှိရင် ခြစားမှုကို အားပေးရာရောက်တယ်။ အကောင်းနဲ့အတူ အဆိုးတွေပေါ်မလာအောင် လူထုကို ကျယ်ကျယ်ပြန့်ပြန့်မြင်သာမှုရှိအောင်လုပ်ဖို့ တောင်းဆိုတာ ဖြစ်ပါတယ်။ အရင်အစိုးရတွေက BRI ( ခေတ်သစ်ပိုးလမ်းမစီမံကိန်း) နဲ့ ပတ်သက်လို့ဖြစ်ဖြစ်  CMEC ( တရုတ်- မြန်မာစီးပွားရေးစင်္ကြံလမ်းစီမံကိန်း) နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် ဗဟိုအစိုးရနှစ်ဘက်ကပဲ တွေ့ဆုံဆွေးနွေးပြီးတော့ အတည်ပြုသွားတယ်။ ဒေသထဲမှာရှိတဲ့ အဖွဲ့အစည်းတွေ  ပါဝင်ဆောင်ရွက်ခွင့်မရှိဘူး။ ဒေသခံပြည်သူတွေ၊ လူထု အခြေပြု အဖွဲ့တွေနဲ့ လက်တွဲလုပ်ကိုင်မှု မရှိရင် ဒေသတည်ငြိမ်အေးချမ်းရေးကို ထိခိုက်နိုင်သလို စီးပွါးရေးစီမံ ကိန်းဖြစ်ထွန်းမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်တယ်။”

နယ်စပ်ဖြတ်ကျော်စီးပွါးရေးပူးပေါင်းဇုံအဖြစ် အကောင်အထည်ဖော်မယ့် ရှမ်းပြည်မြောက်ပိုင်း ကွန်းလုံ-ချင်းရွှေဟော် စီမံကိန်း၊ မူဆယ်-ရွှေလီစီမံကိန်းနဲ့ အခြား စီမံကိန်းအဆိုပြုနယ်မြေတွေဟာ ဒေသခံတွေ ဓားမဦးချပိုင်ဆိုင်ထားတဲ့ မြေယာတွေဖြစ်တဲ့အတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်း အဖြစ်သိမ်းဆည်းတဲ့ ပြဿနာတွေမဖြစ်အောင် ကြိုတင်ကာကွယ်ရမယ်လို့လည်း SNLD ပါတီရဲ့ ထုတ်ပြန်ချက်မှာ  ဖော်ပြပါတယ်။ 

စီမံကိန်းလုပ်ငန်းတွေကို ဆုံးဖြတ် အကောင်အထည်ဖော်တော့ မယ်ဆိုရင် ဒေသတွင်း လွှတ်တော်ရဲ့သဘောထားကို ရယူဖို့တိုက်တွန်းကြောင်း၊ ဗဟိုအစိုးရ တခုတည်းမကပဲ ကိုယ့်သဘောနဲ့ကိုယ်ဆောင်ရွက်သွားမယ်ဆိုရင် မဖြစ်သင့်ကြောင်း၊ စီးပွားရေးစီမံကိန်းတွေဟာ နိုင်ငံရေးလုံခြုံမှု၊ လူမှုစီးပွားဘဝလုံခြုံမှု၊ လူ့အခွင့်အရေးနှင့် ဂုဏ်သိက္ခာအား လေးစားမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု၊ သဘာဝဂေဟစနစ်နဲ့ လိုက်လျောညီထွေဖြစ်မှု စတာတွေရှိဖို့လိုအပ်ကြောင်း  SNLD က ပြောသွားပါတယ်။ 

SNLD ဟာ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်ကို မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်နိုင်ငံသံရုံးကိုကော၊ မြန်မာပြည်သမ္မတရုံး အပါအဝင် နိုင်ငံတော်အတိုင်ပင်ခံရုံး အစရှိတဲ့ သက်ဆိုင်ရာရုံးတွေကို အီးမေးလ်နဲ့ ပို့ပေးထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013