DVB Logo
Home
Lead Story
သမ္မတရှီရဲ့ခရီးစဉ်နှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးခေတ်သစ် 
DVB
·
January 17, 2020
သမ္မတရှီရဲ့ခရီးစဉ်နှင့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးခေတ်သစ် 
Donate to DVB

တရုတ်သမ္မတကြီး ရှီကျင့်ဖျင်ကတော့ ၂၀၂၀ အစမှာ မြန်မာနိုင်ငံကို ရောက်လာခြင်းကို “ဆက်ဆံရေးခေတ်ကာလသစ်”လို့ ညွှတ်နူးဖွယ်ရာဖွင့်ဆိုခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးတက်ကောင်းမွန်ခြင်းဟာ အကောင်းဘက်မှာရှိနေပါတယ်လို့ ယေဘုယျပြောရမှာပါ။

တရုတ်-မြန်မာအရေးလေ့လာသူ ဒေါ်လှကျော်ဇောကတော့ “၂၀၂၀ ခုနှစ် အတွက် ရှီကျင့်ဖျင်ရဲ့ပထမဦးဆုံးခရီးစဉ်ပဲဖြစ်တယ်။ တရုတ်ရဲ့ သံခင်းတမန်ခင်း လုပ်နည်းလုပ်ဟန်အရ အဲ့ဒီ နှစ်တနှစ်လုံးရဲ့ ဦးစားပေးနိုင်ငံကို သွားခြင်းပဲဖြစ်တယ်”လို့ ဆိုပါတယ်။

တကယ်လည်း မြန်မာဟာ တရုတ်တို့အတွက် ထူးခြားစွာဦးစားပေးနိုင်ငံဖြစ်ခဲ့ဟန်ပါပဲ။ သမ္မတရှီရဲ့ခရီးစဉ်မှာ လိုက်ပါလာသူတွေထဲက ယန်ကျားချီ၊ ဝမ်ရိနဲ့ ဆုန့်ထောင်း တို့ဟာ ဗဟိုနိုင်ငံခြားဆက်ဆံရေးမှာ အလွန်အရေးပါတဲ့သူတွေ။ ရှီက အဲ့ဒီကော်မတီရဲ့အကြီးအကဲပေပဲ။ ဒီတော့လည်း မြန်မာနိုင်ငံခရီးစဉ်ဟာ ရှီပြောသလိုပဲ “တရုတ်-မြန်မာဆက်ဆံရေးခေတ် ကာလသစ်” တခုကို ရည်ရွယ်ရင်းရှိတယ်ဆိုတာကို ငြင်းစရာမလိုအောင် ကြံရွယ်ထားဟန်ရှိပါတယ်။

    ဝမ်ရိကတော့မြန်မာနိုင်ငံနဲ့ အလွန်ရင်းနှီးတဲ့ဆက်ဆံရေးရှိသူပါ။ ၂၀၁၅ ခုနှစ်မှာ အန်အယ်လ်ဒီ ရွေးကောက်ပွဲ အနိုင်ရစဉ်ကလည်း ပထမဆုံးရောက်လာတဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီး တယောက်ပေပဲ။ အဲ့ဒီတုန်းက အာဏာလွှဲရေးမလွှဲ ရေးပြဿနာကကြီးခဲ့ချိန်ပေါ့။ နောက်တကြိမ်ရောက်လာခဲ့တာက ၂၀၁၉ မှာ ဒေါ်အောင်ဆန်းစုကြည် အိုင်စီဂျေမှာ တရားရင်ဆိုင်ဖို့မသွားမီ  တရက်အလိုမှာ ရောက်လာခဲ့တာ။

ခု ရှီကျင့်ဖျင်ရဲ့ ၂ရက်ကြာ မြန်မာပြည် ခရီးစဉ်နဲ့ပတ်သက်ပြီး ပြောကြဆိုကြ၊ ဝေဖန်ကြ၊ အကြံပေးကြတာတွေကလည်း အဖုံဖုံနဲ့အစုံစုံပါပဲ။ မြန်မာပြည်မှာတော့ နိုင်ငံရေးလေ့လာသုံးသပ်သူကလည်း များပေသကိုး။

အဲ့ဒီသုံးသပ်မှုတွေထဲက ဒေါ်လှကျော်ဇောရဲ့ သုံးသပ်ချက်ကလည်းစိတ်ဝင်စားစရာပါ။ သူက “အာရှဒေသကြီးတခုလုံးနီးပါးကျယ်ပြန့်တဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့်ရ ဒေသကြီး တည်ဆောက်ရေးဟာ တရုတ်ရဲ့ ၂၀၂၀ခုနှစ်အတွက် ဦးစားပေးလုပ်ငန်းတခုဖြစ်နေတာ တွေ့ရတယ်။ ဒီအချက်အောင်မြင်ရေးအတွက် အာဆီယံနိုင်ငံတွေကြားမှာ စီးပွားရေးကွာဟမှုကို ညှိပေးဖို့လိုအပ် တယ်။ ” လို့ဆိုတယ်။

ဒီလိုစဉ်းစားမှုဟာ လက်ဝဲအယူရှိသူတို့ရဲ့ ဆင်ခြင်မှုတရပ်လည်းဖြစ်နေတာမို့ ဖြစ်တန်ရ အခြေရှိတယ်လို့ ယူဆကြသူတွေလည်းရှိနေပါတယ်။ ဒီအစဉ်မတိုင်မီကပဲ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့နဲ့ တွေ့ဆုံမှုတခုပြုလုပ်ခဲ့ပါ သေးတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကလည်း ဂျပန်၊ ကိုရီးယားတို့နဲ့ ချိန်ခွင်လျှာညှိလာနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။ အထူးသဖြင့် တရုတ်- မြန်မာစီးပွားရေးစင်္ကြံလမ်းဟာ တရုတ်တို့အတွက် အရေးပါဆုံးအချက်တခုဖြစ်နေတယ်။ ဒါတွေအားလုံးရဲ့အဓိကအကျဆုံးက မြန်မာနိုင်ငံဖြစ်နေပြန်တယ်။ ဒီစင်္ကြံလမ်းအကောင်အထည်ပေါ် လာရေးမှာ အရေးပါဆုံးက မြန်မာနိုင်ငံငြိမ်းချမ်းရေးပါ။ ဒါကြောင့် ရှီကျင်ဖျင်ခရီးစဉ်မှာ မြန်မာငြိမ်းချမ်းရေးဟာလည်း ကျွဲကူးရေပါဖြစ်လာနိုင်တယ်လို့လည်း အကဲဖြတ်ကြပါတယ်။

သေချာတဲ့အချက်ကတော့ တရုတ်ရဲ့ စီးပွားရေးစီမံကိန်းတွေက မြန်မာပြည်မှာ အမြောက် အများရှိနေခဲ့တာ။ ဒီစီမံကိန်းတွေဟာ တချို့က အခုမှ လက်မှတ်ထိုးစာချုပ်ချုပ်ကြရမှာပါ။ ရန်ကုန်မြို့သစ်စီမံကိန်း၊ လျှပ်စွမ်းအင်ကိစ္စရပ်တွေ၊ ကျောက်ဖြူရေနက်တည်ဆောက်ရေးတွေဟာ တရုတ်အတွက်အရေးပါတဲ့စီမံကိန်းတွေဖြစ်နေတယ်။

ဒီစီမံကိန်းတွေနဲ့အတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအကောင်ထည်ဖေါ်ရာမှာ တဆက်စပ်တည်း အစိုးရတရပ်ဖြစ်ရေးတရပ်ဖြစ်ပါမှ တရုတ်တို့အတွက် အားသာချက်တခုဖြစ်နေဟန်ရှိပါတယ်။ ဒီအတွက်ကြောင့်လည်း ၂၀၂၀ ရွေးကောက်ခံ နှစ်မျိုးမှာ တရုတ်တို့ရဲ့ ဦးစားပေးခရီးစဉ်ဖြစ်ဟန်ရှိတဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲအတွက် တင်ကူးလုပ်ဆောင် ချက်တခုများ ဖြစ်နေလေသလားလို့ စဉ်းစားသုံးသပ်သူတွေလည်းရှိနေပါတယ်။

    သမ္မတရှီကတော့ “မဟာဗျူဟာ ချိတ်ဆက်ဆောင်ရွက်မှုကို မြှင့်တင်၍ နှစ်နိုင်ငံဆက်ဆံရေး လမ်းပြမြေပုံသစ်ကို ရေးဆွဲချမှတ်နိုင်ပါသည်။ တဦး၏ အချက်အချာကျသော ကျိုးစီးပွားနှင့်ပတ်သက်သောကိစ္စရပ်များတွင် တဦးက ပြတ်သားစွာထောက်ခံအားပေးပြီး မဟာဗျူဟာအမြင်နှင့် ရေရှည်ရှုထောင့်ဖြင့် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေကာ နှစ်နိုင်ငံပြည်သူများ၏စိတ်အတွင်၌ အေးအတူပူအမျှ အသိုက်အဝန်းစိတ်ကိုအမြစ်တွယ်အောင် ဆောင်ရွက်ရပါမည်”လို့ဆိုထားပါတယ်။ ဒါကြောင့် ရေ ရှည်ရှုထောင့်အမြင်အရ တဆက်စပ်တည်း အစိုးတရပ်ရှိနေဖို့လိုတာကြောင့် ၂၀၂၀ရွေးကောက်ပွဲအတွက် တင်ကူး လုပ်ဆောင်ချက်တွေရှိနေလေမလားလို့ စဉ်းစားချက်တချို့ ထွက်ပေါ်လာခဲ့ဟန်ပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် ရှီကျင့်ဖျင်ရဲ့မြန်မာနိုင်ငံခရီးစဉ်ဟာ ထူးခြားမှုရှိလာနိုင်သလို မြန်မာတို့အဖို့ အကျိုးတစုံတရာ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်သူတွေရှိသလို မယုံကြည်ရဲသူတွေကလည်း ရှိနေပါတယ်။ သူတို့အဆိုအရကတော့ တရုတ်ရဲ့ အကြွေးထောင်ချောက်ဒီပလိုမေစီအပေါ်မှာ မချင့်မရဲဖြစ်နေဟန်ပါ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရဇ်တေလာဆန်က “တရုတ်က ပွင့်လင်းမြင်သာမှုမရှိတဲ့ ကန်ထရိုက်စာချုပ်တွေချုပ်ပြီး မြီရှင်ကြီးအဖြစ်နဲ့ခေါင်း ပုံဖြတ်နေတာ”လို့ဆိုခဲ့ဖူးတယ်။

အများစုကတော့ သီရိလင်္ကာရေနက်ဆိပ်ကမ်းကို အကြွေးနဲ့ထိုးအပ်ခဲ့ရတာတွေ အာဖရိကနဲ့အင်ဒိုနီးရှားတို့ရဲ့ ကြွေးနွံနစ်မှုတွေကိုထောက်ပြပြီးစိုးရိမ်ခဲ့ကြတာပါ။ ဒါပေမယ့် မြန်မာတို့အဖို့ ကျောက်ဖြူရေနက်ဆိပ်ကမ်းကို စာ ချုပ်သစ်ပြင်ချုပ်ထားပြီးမို့ စိုးရိမ်စရာသိပ်မရှိပါဘူးလို့ဆိုတာလည်းရှိပါတယ်။ ကျောက်ဖြူ- ယူနန် မီးရထားလမ်းတွေ တည်ဆောက်ပြီးတာနဲ့ တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာပြင်ကို ကူးလူးဆက်ဆံခွင့်ရရှိရေးဟာ အလွန်အရေးပါတဲ့ မဟာဗျူဟာလမ်းဖြစ်တာကြောင့် ၂၀၂၀ရဲ့ ဦးစား ပေးအနေအထားမှာရှိနေခဲ့ပါတယ်။ ဤသည်ကပင် စစ်တပ်နဲ့ အေအေတို့ရဲ့ ပဋိပက္ခလျော့ကျရေးကို ဦးတည်လာနိုင်တယ်လို့လည်း အမြင်တရပ်ထွက်လာခဲ့ပြန်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီခရီးစဉ်ကနေ  နှစ်နိုင်ငံ ဆက်ဆံရေးပိုမိုကောင်းမွန်လာစေမှုကို တော့ကြိုဆိုကြရမှာဖြစ်သလို ထုံထိုင်းခြောက် သွေ့နေတဲ့ မြန်မာ့စီးပွားဖွံ့ဖြိုးမှုအတွက်ကလည်း ဘယ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုကိုမဆို သတိနဲ့ ကြိုဆိုကြရမှာပါ။

 ကြွေးမြီထောင်ချောက်ကိုတော့ သတိထားရှောင်ရှားလို့ရနိုင်ခြေဟာ သက်ဆိုင်ရာနိုင်ငံရဲ့ ဆင်ခြင်ဉာဏ်အပေါ်မူတည်မှာပါ။ ဒါကြောင့်ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ  သူပြောသလို “တရုတ်-မြန်မာဆက်ဆံရေးခေတ် ကာလသစ်ဆီကို ဘယ်လိုမဟာဗျူဟာများ နဲ့ချိတ်ဆက်ဆောင်ရွက်သွားမလဲဆိုတာကတော့ မကြာမီအဖြေ ပေါ်လာတော့မှာဖြစ်ကြောင်းပါ။

ထွန်းဇော်ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013