
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့၊ အမှတ် ၂ ရပ်ကွက်၊ မီးစက်လမ်းရှိ လျှပ်စစ်ဝန်ထမ်းတွေ နေထိုင်ရတဲ့ ၆ ခန်းတွဲ ဝန်ထမ်းလိုင်းခန်းဟာ ဇန်နဝါရီလ ၁၆ ရက် ညနေ ၆ နာရီလောက်က ပြိုကျခဲ့ပါတယ်။
ဝန်ထမ်းလိုင်းခန်းပြိုကျတယ်လို့ ဖုန်းနဲ့ဆက်သွယ်လာတာကြောင့် မြို့နယ်မီးသတ်ဦးစီးဌာန က တပ်ဖွဲ့ဝင် ၁၇ ဦးနဲ့ သွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ ရွှေ့ပြောင်းတာတွေ ကူညီလုပ်ကိုင်ပေးခဲ့ရတယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းသူက ဒီဗွီဘီကိုပြောပါတယ်။
"ဖုန်းသတင်းရတာနဲ့ ကျနော်တို့ ချက်ခြင်း တပ်ဖွဲ့ဝင်တွေနဲ့အတူ ဖြစ်တဲ့နေရာကို သွားတာပေါ့နော်၊ သေဆုံးတဲ့သူတော့ မရှိပါဘူး။ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ပေးပြီး ပစ္စည်း တွေရွှေ့ပြောင်းပေးခဲ့ပါတယ်"
ပြိုကျခဲ့တဲ့ ဝန်ထမ်းလိုင်းခန်းဟာ ၆၃ နှစ်သက်တမ်း ရှိပြီ ဖြစ်ပြီး အလျား ၇၅ ပေ၊ အနံ ၁၇ ပေရှိ အုတ်ကျွတ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ ၆ ခန်းတွဲ ၁ ထပ် လိုင်းခန်းဖြစ်ကာ အဆိုပါလိုင်းခန်းမှာ အမျိုးသား ၇ ဦးနဲ့ အမျိုးသမီး ၂ နေထိုင်နေတာ ဖြစ်ပါတယ်။
ညောင်တုန်းမြို့နယ်မှာ အရင်က ခုလိုဖြစ်စဉ်မျိုး ဖြစ်ပွားတာ မရှိခဲ့ဘဲ မြစ်ကမ်းပါးပြိုကျတာ၊ တာပြိုကျတဲ့ ဖြစ်စဉ်မျိုးတွေသာ ရှိခဲ့ပြီး အခုလို နေအိမ်လိုင်းခန်း ပြိုကျတာဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)











